အလှမ်းမဝေး ထိတွေ့ဆက်ဆံ

၁၃ ဒီဇင်ဘာ

 

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်တွင် လက်ခံကျင်းပနေသော (၁၃)ကြိမ်မြောက် အေဆမ်နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီရက်တွင် ဆက်စပ်အစည်းအဝေးများဖြစ်သည့် အေဆမ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် (၁၁)ကြိမ်မြောက် အာရှ-ဥရောပ သတင်းစာဆရာများ နှီးနှောဖလှယ်ပွဲတို့ကို ပြုလုပ်နိုင်ခဲ့ခြင်းသည် နိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာ၌ ပိုမိုကောင်းမွန်သည့် ဆောင်ရွက်ချက်များကို ဖြစ်ထွန်းစေနိုင်ပါသည်။

 

အေဆမ်အစည်းအဝေးကို ဦးတည်သည့် သတင်းစာဆရာများ နှီးနှောဖလှယ်ပွဲသို့ အာရှ-ဥရောပ ဖောင်ဒေးရှင်းအဖွဲ့ဝင် နိုင်ငံများမှ မီဒီယာ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံမှ မီဒီယာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြရာ နိုင်ငံအစိုးရနှင့် နိုင်ငံများမှပြည်သူများအကြား အဓိကပေါင်းကူးဆက်သွယ်ပေးမည့် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် မျှမျှတတဖြင့် အသိအမြင်များ လွှမ်းခြုံမျှဝေပေးနိုင်မည်ဟု မျှော်လင့်ပါသည်။ နိုင်ငံအစိုးရ၏ လုပ်ဆောင်မှုများကို နိုင်ငံအသီးသီးမှ အစိုးရနှင့် ပြည်သူများအကြား မျှဝေအသိပေးရာတွင် မီဒီယာများသည် အဓိကကျသော အဖွဲ့အစည်းများဖြစ်သည်။ ယခု ကျင်းပနေသော အေဆမ်အစည်း အဝေးများတွင် နိုင်ငံ ၅၁ နိုင်ငံနှင့် အဖွဲ့အစည်းနှစ်ခုနှင့်အတူ မီဒီယာအုပ်စုများ ပါဝင်လာခြင်းသည် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပကတိအခြေအနေမှန်များကို ပိုမိုနားလည်နိုင်စွမ်း ရှိလာလိမ့်မည်ဟု မျှော်လင့်ပါသည်။

 

အေဆမ်အဖွဲ့အစည်းကြီးက သတ်မှတ်ထားသည့် နိုင်ငံရေးမဏ္ဍိုင်နှင့် စီးပွားရေးမဏ္ဍိုင်၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးမဏ္ဍိုင်တို့တွင် အဓိကကျသော တန်းတူမိတ်ဖက်ဆက်ဆံမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု အခြေခံမူသုံးရပ် ချမှတ်ထားသည်။ သို့သော် နိုင်ငံများ၏ အခြားအရေးအရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အထူးသဖြင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အရေးကိစ္စများနှင့် ပတ်သက်ပြီး အေဆမ်အဖွဲ့အစည်းပြင်ပ၌ ထိတွေ့ပြောဆိုရာတွင် အခြေခံမူများမှ သွေဖည်နိုင်သည်မှာ မီဒီယာများပေါ်တွင်လည်း မူတည်သည်ဟု ဆိုနိုင်သည်။ အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပြည်ပသတင်းစာဆရာတစ်ဦးက ၎င်းအနေဖြင့် မြန်မာနိုင်ငံနှင့် အလွန်အနေဝေးသည့်အပြင် ၎င်း၏ လုပ်ငန်းသဘာဝမှာ ဒုက္ခသည်အရေးကို ဇောင်းပေးထားရာ ရခိုင်အရေးနှင့် ပတ်သက်သည့် ပြဿနာများကို ဂဃနဏ မသိနိုင်ပါဟု ဝန်ခံပြောဆိုထားသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံအရေးနှင့် ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အစဉ်အမြဲ ထုတ်ပြန်လျက်ရှိသည့် ပြည်ပအခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသတင်းဌာနများမှာ ခုဂဏန်းမျှသာရှိပြီး သတင်းထုတ်ပြန်ရာတွင်လည်း ရခိုင်အရေးနှင့် စပ်လျဉ်း၍ တစ်ဖက်သတ်ဆန်သည်က များနေသည်ကို တွေ့နိုင်သည်။ ထို့ကြောင့်လည်း မျှတမှုမရှိသည့် သတင်းထုတ်ပြန်ချက်များအပေါ် အခြေခံကာ မြန်မာနိုင်ငံအပေါ် အပြုသဘောမဆောင်သည့် ဖိအားပေးမှု များဖြစ်ပေါ်လာသည်ဟု ဆိုနိုင်သည်။

 

ယခုအခါ ဆုံစည်းနိုင်ရန်ခဲယဉ်းသော အခွင့်အရေးတစ်ရပ် မြန်မာနိုင်ငံအတွက် ရရှိနေပြီဖြစ်သည်။ အေဆမ်အစည်းအဝေးတွင် နိုင်ငံပေါင်းစုံမှ အစိုးရခေါင်းဆောင်များ၊ အဆင့်မြင့်ပုဂ္ဂိုလ်များ ရောက်ရှိနေသလို နိုင်ငံပေါင်းစုံမှ သတင်းစာဆရာများလည်း တစုတဝေးတည်း ရောက်ရှိနေသည်။ ဤသည်မှာ ကြုံတောင့်ကြုံခဲ၊ ရတောင့်ရခဲ အခွင့်အရေးတစ်ခုဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ အမြင်ချင်းဖလှယ်နိုင်ခွင့်၊ ပူးပေါင်းဆောင်ရွက်နိုင်ခွင့်များ ရမည်ဖြစ်သလို အာရှတိုက်နှင့် ဥရောပတိုက် နှစ်တိုက်အကြား နိုင်ငံနှင့်ပြည်သူများ အကျိုးဖြစ်ထွန်းရေးတွင် မြန်မာနိုင်ငံ ပါဝင်လာနိုင်သည်။

 

သို့ဖြစ်ရာ ယခုကဲ့သို့ အခွင့်အလမ်းကောင်းများ ရရှိနေချိန်တွင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပကတိဖြစ်စဉ်မှန်များကို အခွင့်ကြုံကြိုက် အချိန်တိုအခိုက်၌ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ဝိုင်းဝန်းမျှဝေ ဖော်ဆောင်ပေးသင့်သည်ဟု လေးစားစွာဖြင့် အကြံပြုအပ်ပါသည်။