၂၇ ဇူလိုင်
Miss Myanmar World 2018 ပြိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်ရင်း Winner အဖြစ် ရွေးချယ်ခံရ သူ အလှမယ် ဟန်သီက ပထမဆုံး အကြိမ်အဖြစ် 2014 ခုနှစ်က " Miss Supranational" သို့လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ တစ်ယောက်ဖြစ်သည်။ ယခုအခါ ဒုတိယအကြိမ်မြောက် ထပ်မံပြီး အလှမယ်ရွေးချယ်ပွဲကို ယှဉ်ပြိုင်ခဲ့ရာ Miss Myanmar World 2018 Winner ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး တရုတ်နိုင်ငံတွင် ကျင်းပမည့် အဆိုပါ ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် သွားရောက်ယှဉ်ပြိင်ရမည်ဟု သိရသည်။
မေး။ ။ မြန်မာအလှမယ်အနေနဲ့ ကိုယ်စားပြုသွားပြိုင်ရမယ့်အပေါ် သဘောထားနဲ့ ခံယူချက် ကို ပြောပြပါဦး။
ဖြေ။ ။အခုလို ကိုယ့်ကိုယ်ယုံကြည်ပြီး ရွေးချယ်ခဲ့တဲ့အပေါ်မှာ အကောင်းဆုံးလုပ်ဆောင် သွားမှာပါ။ ရလာဒ်ကလည်း အကောင်းဆုံးဖြစ်တာဆိုတော့ ကိုယ့်အတွက် ကြိုးစားမှုကလည်း ဒီထက်ပိုမှာပါ။ အခုပွဲက ကမ္ဘာနဲ့ချီပြီး ယှဉ်ပြိုင်ရတဲ့ပွဲတစ်ခုဖြစ်တာမို့ ပရိသတ်တွေ အတွက် မြန်မာနိုင်ငံအတွက် ဂုဏ်ယူထိုက်သူ တစ်ဦးအဖြစ် ကြိုးစားမှာပါ။ မြန်မာဆိုတာ လည်း ကမ္ဘာက အားလုံးသိတဲ့ နိုင်ငံဖြစ်လာအောင် တတ်စွမ်းသမျှ အစွမ်းကုန်ဖော်ထုတ်မှာပါ။
မေး။ ။ Miss Myanmar World 2018 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ အပေါ် အများရဲ့ ဝေဖန်မှုတာကိုရော ဘာများပြောချင်ပါသလဲ။
ဖြေ။ ။ အချို့အရာတွေ သိပ်ပြီးထည့်မတွက်တတ်ဘူးရှင့်။ ကိုယ့်လုပ်ချင်တဲ့အရာကို အကောင်းဆုံး လုပ်ဆောင်ဖို့ပဲ စဉ်းစားတယ်။ ဝေဖန်ကြတာတွေကတော့ ဒီအလုပ်လုပ်မယ်ဆို အနည်းနဲ့အများ ရှိတာပဲလေ။ အဲဒီ့အတွက် လက်ခံပြီးသာပါ။ ပြိုင်ပွဲတုန်းကတောင် ပထမ ဝတ်တဲ့ ဝတ်စုံက အဆင်မပြေလို့ရှိတဲ့ ဝတ်စုံဝတ်လိုက်ရတယ်။ ကိုယ့်အတွက် အဲဒီဝတ်စုံ ကလည်း အဆင်မပြေဘူးဖြစ်ခဲ့တယ်။ ဒီအပေါ်မှာ ဝေဖန်ကြတာတွေ ခံရတာပဲလေ။ ဒါကိုလည်း ရှင်းပြခွင့်မရခဲ့ပါဘူး။ ပွဲမှာ အကောင်းဆုံးဖြစ်ဖို့ပဲ အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲပြီးတဲ့အခါ ကြားရတာက ကိုယ်ပဲရမှာပေါ့ ဘာညာဆိုပြီး၊ ပြောသံတွေကြားရတယ်၊ ဟန်သီကတော့ အရိုးသားဆုံး ယှဉ်ပြိုင်ခဲ့ပါတယ်။ ဘာတစ်ခုမှ လက်ဝါးရိုက်ထားတာမျိုးမရှိခဲ့ ပါဘူး။
မေး။ ။ ပြိုင်ပွဲအတွက် ပြင်ဆင်နေမှုတွေကိုလည်း ပရိသတ်ကြီးအတွက် ပြောပြပါဦး။
ဖြေ။ ။ အများကြီးတော့ ကြိုပြီးတွက်ဆနေတာမျိုးတော့ မရှိပါဘူး။ သူများနိုင်ငံတွေ၊ အလှ မယ်တွေကိုကြည့်ပြီး ပြိုင်တာထက် ကိုယ့်ကိုကိုယ်သာ အဓိကထားပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းနေပါတယ်။ ပြိုင်ဘက်ဆိုတဲ့ အနေအထားနဲ့လည်း ဘယ်သူ့ကိုမှ သဘောမထား ပါဘူး။ ပြင်ဆင်မှုပိုင်းမှာဆိုရင် စကားပြောဆိုတာကအစ ခန္ဓာကိုယ် အလှအပထိန်းသိမ်း မူအဆုံး အားလုံးကို သေချာပြင်ဆင်နေပါတယ်။ ဝတ်စုံဒီဇိုင်းပိုင်းပါ အားလုံး သေချာလုပ်ထား ပါတယ်။
မေး။ ။ အခုနောက်ပိုင်းမှာ အလှမယ်ပြိုင်ပွဲတွေအပေါ် ပရိသတ်အာရုံစိုက်မှု အားနည်းသွား တယ်လို့ ပြောရင် ဟန်သီက လက်ခံနိုင်မလား။
ဖြေ။ ။ အဓိကကတော့ ပွဲတွေများလာတာကြောင့်လို့ ထင်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အတွက် ဒီပွဲကြီးကတော့ တကယ်ကို ဂုဏ်ယူစရာ ဖြစ်တာမို့ သေသေချာချာလေး အားပေး စေချင်ပါတယ်။ ဟိုမှာက ပရိသတ်ရဲ့ အားပေးမူက စကားပြောပါတယ်။ ဘာလို့လဲဆို ရင် မြန်မာလူမျိုးတွေ သူတို့အလှမယ်ကို အားပေးကြတယ်။ နိုင်ငံကိုယ်စားပြုကို အားပေး ကြတယ် ဆိုတာကလည်း ယှဉ်ပြိုင်နေတဲ့အချိန်မှာ တော်တော်လေး အရေးကြီးပါတယ်။ ဂုဏ်ယူစရာလည်း ကောင်းပါတယ်။ နိုင်ငံတကာ ပြိုင်ပွဲတွေကို တကယ်သွားပြိုင်ပြီး တကယ် ကို ကြိုးစားကြသူတွေကိုတော့ အားပေးသင့်တယ်လို့ ပရိသတ်ကြီးကို တောင်းဆိုချင်ပါတယ်။
ကိုလင်း