ဖလမ်း ၂၀ မေ
ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN) အရှိန်ကြောင့် ချင်းပြည်နယ်၊ ဖလမ်းမြို့၌ မေလ တတိယပတ်ကစ၍ မိုး စတင်ရွာသွန်းခဲ့သည်။
ဖလမ်းမြို့တွင် မေလ ၁၉ ရက်နေ့က မိုးရေချိန် ၀.၈၇ လက်မ နှင့် မေလ ၂၀ ရက်နေ့က ၀.၈၃ လက်မ ရွာသွန်းကြောင်း ဖလမ်းမြို့နယ်မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားအရ သိရသည်။
အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) အမ်ဖန် (AMPHAN) အရှိန်ကြောင့် မေလ ၂၀ ရက်မှ ၂၁ ရက်နေ့အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မြေပြင်လေသည် တစ်နာရီလျှင် (၂၅)မိုင်မှ မိုင်(၃၀)အထိ တိုက်ခတ်နိုင်ကြောင်း၊ မေ ၂၀ ရက်မှ ၂၁ ရက်နေ့ထိ ချင်းပြည်နယ်တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာသွန်းနိုင်ကြောင်းနှင့် အဆိုပါ မုန်တိုင်းသည် လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း သတင်းအမှတ်စဉ် (၂၆/၂၀၂၀) ဖြင့် ထုတ်ပြန်ချက်အရ သိရသည်။
ဂျွန်(ပြန်/ဆက်)


