နေပြည်တော် ၁၀ မတ်
လေတိုက်တိုင်းမှာ အမှိုက်များ လွင့်ပျံနေသည်။ မြို့အဝင်အထွက်များမှာ၊ အဝေးပြေးလမ်းမကြီး များဘေးတစ်လျှောက်မှာ၊ ရထားလမ်းများ၏ ဝဲယာမှာ၊ မြို့များ၊ ရွာများအနီးက မြစ်ကမ်းပါးများဆီမှာ၊ လူအများ သောင်းနှင့် သိန်းနှင့်ချီ၍ လာရောက်ကြသည့် ဘုရားပုထိုးများနှင့်တောတောင်များဆီမှာ၊ ပင်လယ်ကမ်းခြေ အပန်းဖြေနေရာများမှာ စသည်စသည်ဖြင့် နေရာတကာမှာ အကျည်းတန်စွာ တွေ့ရသည်။ အမှိုက်ကို စွန့်ပစ်ချင်သလို စွန့်ပစ်ခြင်းသည် စည်းကမ်းမဲ့ခြင်းဖြစ်ကြောင်း၊ ရှက်စဖွယ်လုပ်ရပ်ဖြစ်ကြောင်း၊ အများကို ထိခိုက်စေသည့်အတွက်မလုပ်အပ်ကြောင်း၊ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ကျဆင်းစေကြောင်း စသည့် နီတိကျင့်ဝတ်တို့ကို နားမလည်၊ လေ့ကျင့်သင်ကြားခဲ့ရခြင်းကလည်း မရှိခဲ့သလောက်နီးနီး စသည်တို့ကြောင့် အမှိုက်ပြဿနာက နိုင်ငံအနှံ့ဒေသအသီးသီးမှာ ယခုလို ပေါ်ပေါက်နေရခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်တစ်ခုအရ မြန်မာနိုင်ငံတွင်အမှိုက်တန်ချိန် ၅၆၁၆ တန်ကို နေ့စဉ် စွန့်ပစ်နေပြီး ၂၀၂၅ ခုနှစ်တွင်၂၁၀၁၂ တန်အထိ ဖြစ်လာမည်ဟူ၍ ခန့်မှန်းထားသည်။ နေ့စဉ် အမှိုက်စွန့်ပစ်မှု၏ ၅၅ ရာခိုင်နှုန်းကို အဓိကမြို့ကြီးသုံးမြို့က စွန့်ပစ်နေခြင်းဖြစ်ပြီး ရန်ကုန်တွင် နေ့စဉ်အမှိုက်တန်ချိန် ၁၉၈၁ နှင့် မ္တလေးတွင် ၉၅၅ တန်၊ နေပြည်တော်တွင် တန် ၁၆၀ စွန့်ပစ်ခဲ့သည်ဟု ဆိုသည်။ ဤသည်မှာ လွန်ခဲ့သည့် ခုနစ်နှစ်ကာလက ခန့်မှန်းချက်ဖြစ်ရာ လက်ရှိအခြေအနေတွင်သည့်ထက်ပိုနေလောက်ပြီဟု ခန့်မှန်းရသည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က ရန်ကုန်တွင် အမှိုက်စွန့်ပစ်ခြင်းနှင့် စပ်လျဉ်း၍ ရှေ့ပြေးစီမံချက်တစ်ခု စမ်းသပ်အကောင်အထည်ဖော်ခဲ့ရာ အရောင်ခွဲခြားထားသည့် အမှိုက်ပုံး သုံးပုံးထဲသို့ သတ္တုနှင့် ဖန်မှန်စွန့်ပစ်ပစ္စည်းများ၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများနှင့် ပုပ်သိုးဆွေးမြည့်သွားမည့် အော်ဂဲနစ်အမှိုက်များကို ခွဲခြားစွန့်ပစ်စေခြင်း ဖြစ်သည်။ ယင်းစနစ်တွင် အမှိုက်စွန့်ပစ်သူတို့၏ ပူးပေါင်းပါဝင်မှုက အပြည့်အဝ လိုအပ်သည်။ အဓိကအကျဆုံးအချက်မှာ စည်းကမ်းကိုလိုက်နာခြင်း တစ်နည်းအားဖြင့် လူတိုင်းကိုယ်စီမိမိကိုယ်ကိုယ် တာဝန်ယူကြခြင်းပင် ဖြစ်သည်။
နိုင်ငံနှင့်အဝန်းတွင် နေ့စဉ်နှင့်အမျှ တန်ချိန်ပေါင်း ထောင်နှင့်ချီ၍ ထွက်နေသည့် နေအိမ်အမှိုက်များ၊ စက်ရုံအလုပ်ရုံအမှိုက်များ၊ ဆေးရုံဆေးခန်းအမှိုက်များ၊ စွန့်ပစ်ရေဆိုးများ စသည်တို့ကို လိုက်လံသိမ်းဆည်း ခြင်း၊ သိမ်းဆည်းအမှိုက်များကို စွန့်ပစ်နေရာများဆီသို့ သယ်ဆောင်ခြင်း၊ သတ်မှတ်နေရာများ၌ စွန့်ပစ်ခြင်း၊ စုပုံခြင်း၊ တစ်နည်းနည်းဖြင့် ဖျက်ဆီးခြင်း၊ တစ်နည်းနည်းဖြင့် အသုံးချခြင်း စသည်တို့အတွက် စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုကို အမျိုးသားအဆင့်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်သည်။
လတ်တလောအားဖြင့်မူ 3R activities ဟုဆိုသော (Reduce, Reuse, Recycle) ကို ကျင့်သုံးရန် ပညာရှင်တို့က အကြံပြုထားသည်။ ပလတ်စတစ်တစ်ခါသုံး အသုံးအဆောင်များကို လျှော့ချသုံးစွဲရန်၊ တစ်ကြိမ်မက အသုံးပြုရန်နှင့် စွန့်ပစ်ပစ္စည်းများကို ကုန်ကြမ်းအဖြစ်သုံး၍ အခြားပစ္စည်းများ ပြန်လည်ထုတ်လုပ်ရန်ဖြစ်သည်။ ယခုအခါ ကျေးလက်ဒေသများတွင် အမှိုက်ကင်းစင်စံပြကျေးရွာများ သတ်မှတ်လှုပ်ရှားလာ သကဲ့သို့ မြို့ကြီးများနှင့် တက္ကသိုလ်ကျောင်းများမှ လူငယ်လူရွယ် အဖွဲ့အစည်းများ၏ အမှိုက်ကင်းစင်ရေး၊ သန့်ရှင်းရေးလှုပ်ရှားမှုများ၊ အသိပညာပေးရေး ဆောင်ရွက်မှုများကို စိတ်ဆန္ဒအလျောက် တက်တက်ကြွကြွ ဆောင်ရွက်လာကြသည်များကိုလည်း တွေ့ရသည်။
အမှိုက်ကို စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ စွန့်ပစ်မှုများအပေါ် ရှက်တတ်လာကြပြီး မိမိနေထိုင်ရာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်လှပရေး ဆောင်ရွက်မှုများအပေါ် ဂုဏ်ယူလာကြခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့ထွန်းကား ပြန့်ပွားလာသည်နှင့်အမျှ အကျည်းတန်အမှိုက်များ ပါးလျား ကင်းစင်လာမည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း