မန္တလေး ၂၀ ဇန်နဝါရီ

 

ပဉ္စမအကြိမ်မြောက် ရွေးချယ်ချီးမြှင့်သော အလင်္ကာစာပေဆု (၂၀၁၈)ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မင်္ဂလာမန္တလေး အနုပညာလမ်းရှိ အလင်္ကာအနန္တပန်းချီ အနုပညာပြခန်းတွင် ကျင်းပသည်။ အခမ်းအနားတွင် စာရေးဆရာ သိုက်ထွန်းသက်၊ ဆရာညိုထွန်းလူ၊ ဆရာဆူးငှက်၊ ဆရာစိုးဘားဒိုင်တို့က မုဒိတာစကားများ ပြောကြားပြီး ဦးပုညဆွေက အလင်္ကာစာပေဆုချီးမြှင့်ရခြင်း ရည်ရွယ်ချက်များနှင့် ဆုချီးမြှင့်ပေးသည့် အစဉ်အလာများကို ရှင်းလင်း ပြောကြားသည်။ ထိုနောက် မန္တလေးကဗျာရှည်ဖြင့် အလင်္ကာစာပေဆု (၂၀၁၈) ရရှိသော ဆရာမောင်နိုင်လင်း(ကောလင်း)ကို ဆုချီးမြှင့်သည်။

 

အလင်္ကာစာပေဆုကို ၂၀၁၂ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး ပထမအကြိမ် အလင်္ကာစာပေဆု (၂၀၁၁) ကို "အောင်ဆန်းနော်၊ ဗိုလ်ချုပ်နော်၊ တေဇနော်" စာအုပ်ကလည်းကောင်း၊ ဒုတိယအကြိမ် အလင်္ကာစာပေ (၂၀၁၂)ဆုကို ဆရာမမသီတာ(စမ်းချောင်း) ရေးသားသော "စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်" စာအုပ်က လည်းကောင်း၊ တတိယအကြိမ် အလင်္ကာစာပေဆု(၂၀၁၃)ကို ဗိုလ်မှူးချုပ်ကျော်ဇောရေးသားသည့် "ဆိုင်းစုမှသည်မန်ဟိုင်းဆီသို့" စာအုပ်ကလည်းကောင်း၊ စတုတ္ထအကြိမ် အလင်္ကာစာပေဆု(၂၀၁၄)ကို ဆရာမခင်ခင်ထူးရေးသားသည့် "တောမင်းသမီး" စာအုပ်တို့ရရှိခဲ့သည်။ အလင်္ကာစာပေဆုများကို စာဖတ်ပရိသတ်များ၏ တုန့်ပြန်မှုအသံများကို စုစည်းကာ ဆုရွေးချယ်ပေးသင့်သည်ဟု ဆုံးဖြတ်သော စာအုပ်ကို ဆုချီးမြှင့်ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)