ဆော ၈  ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ လောင်းရှည်(မြို့ဟောင်း)တွင် အလွတ်တန်း မာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၇ ရက် နံနက် ၆ နာရီက ယမ်းကျေးရွာမှ လောင်းရှည်(မြို့ဟောင်း) အားကစားကွင်းအထိ ခရီးတာ ၆ မိုင်ကွာ ကျင်းပပြုလုပ်၍ မာရသွန်ပြိုင်ပွဲသို့ ကျောင်းသား ကျောင်းသူများ၊ အလွတ်တန်း အပြေးဝါသနာရှင်များ စုစုပေါင်း ၆၅ ဦးတို့ ပါဝင်ဆင်နွှဲကြသည်။

 

အဆိုပါ မာရသွန်အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် နှစ်သိမ့်ဆု ၂ ဦးကို လောင်းရှည်ဒေသ အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြကာ ၁ နာရီအတွင်း ပန်းဝင်သည့်အပြေးသမားများကို အမှတ်တရ ပြိုင်ပွဲဝင်အင်္ကျီများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

“အားကစားပြိုင်ပွဲများကို (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် လွတ်လပ်ရေးနေ့မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားတာပါ၊ ရာသီဉတုအခြေအနေအရ လွတ်လပ်ရေးနေ့မှာ မကျင်းပနိုင်တဲ့အတွက် ယင်းမာရသွန်အပြေးပြိုင်ပွဲအပြင် လွန်ဆွဲပွဲ၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘောပြိုင်ပွဲများကို အခုလို ဇန်နဝါရီ ၇ ရက်နေ့မှာ ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါတယ်”ဟု ပြိုင်ပွဲကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးကျော်လင်းက ပြောသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)

 

mdn