နေပြည်တော် ၁၇ နိုဝင်ဘာ

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ပိုမိုကောင်းမွန်သည့် COVID-19 အလွန် ကမ္ဘာတည်ဆောက်ဖို့ မသန်စွမ်းသူများ လက်လှမ်းမီပါဝင်ပြီး၊ ရေရှည်တည်တံ့စေရန် ကြိုးစားစို့” “Building Back Better: toward a disability-inclusive, accessible and sustainable post COVID-19 World”  အဖြစ် သတ်မှတ်ထားရှိပြီး ဝန်ကြီးဌာနအသီးသီးရှိ စာပေဝါသနာရှင်များ၊ ပြင်ပပုဂ္ဂိုလ် စာပေဝါသနာရှင်များ အနေဖြင့် ယခုနှစ်အတွက် သတ်မှတ်ထားရှိသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်းပါး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက  ဖိတ်ခေါ်ထားသည်။

ဆောင်းပါးတွင် မသန်စွမ်းသူများအတွက် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ လှုပ်ရှားဆောင်ရွက်မှုများ၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ပေါ်ပေါက်လာပုံ၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ ကျင်းပရသည့် ရည်ရွယ်ချက်၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် ဖော်ပြပါရှိသော တန်းတူအခွင့်အရေးများ၊ နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များ၊ မသန်စွမ်းသူများ ကြုံတွေ့နေရသည့် အတားအဆီးတို့နှင့်စပ်လျဉ်း၍ ထင်မြင်ယူဆချက် (ဥပမာ- မသန်စွမ်းသူများ လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ နေထိုင်ရှင်သန်နိုင်ရေးအတွက် ကြုံတွေ့နေရသည့် အခြေခံအဆောက်အဦဆိုင်ရာ၊ လူ့အဖွဲ့အစည်းဆိုင်ရာ အတားအဆီးများ၊ မသန်စွမ်းသူများအပေါ် ၎င်းအတားအဆီးတို့၏ အကျိုးသက်ရောက်မှုနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင်၏ အဓိပ္ပာယ်)၊ ကိုဗစ်-၁၉ ကာလအတွင်း မသန်စွမ်းသူများ ကြုံတွေ့နေရသည့် အတားအဆီးတို့ကို ဖယ်ရှားပြီး မသန်စွမ်းသူများ အကျုံးဝင်ပါဝင်မှုကို သေချာစေခြင်းဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်မည့် အခွင့်အလမ်းများ၊ အကြံပြုချက်များ စသည့်အချက်များကို ထည့်သွင်းရေးသားရမည်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်သူများသည် မိမိတို့ရေးသားယှဉ်ပြိုင်မည့် ဆောင်းပါးတို့ကို ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ဦးစွမ်းရည်ရ (ညွှန်ကြားရေးမှူး) တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၄၆၀၂ နှင့် ဦးရဲမျိုးဝင်း (ဒုတိယညွှန်ကြားရေးမှူး) တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၄၆၀၃ တို့ထံ ဆက်သွယ်၍ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၇ ရက် သောကြာနေ့ ညနေ ၅ နာရီအထိ နောက်ဆုံးထား ပေးပို့ရမည်ဖြစ်သည်။

ပေးပို့လာသော ဆောင်းပါးစာမူများကို စိစစ်ရွေးချယ်ရေးအဖွဲ့ဖြင့် ရွေးချယ်ပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆု (၂)ဆုအထိ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်