ရန်ကုန် ၁၄ အောက်တိုဘာ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ရန်ကုန်တိုင်းဒေသကြီး အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လမ်းမတော်မြို့နယ်တို့ရှိ အလုပ်ဌာနများမှ အာမခံအလုပ်သမားများအား ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြို့နယ်လူမှုဖူလုံရေး ရုံးခွဲ(၈)၌ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့်  ၄၀ ရာခိုင်နှုန်းကို ချက်လက်မှတ်ဖြင့် ထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို လူမှုဖူလုံရေး တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဦးထွန်းကြိုင်က မြို့နယ်လူမှုဖူလုံရေး ရုံးခွဲ(၈)တွင် အကျုံးဝင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအနက် အလုပ်ဌာန (၈၀)မှ အာမခံအလုပ်သမား (၂၉၇၀)ဦးအတွက် ငွေကျပ် (၂၅၆၄၇၃၀၁၈ ဒသမ ၀၈) ကို ချက်လက်မှတ်ဖြင့် သက်ဆိုင်ရာ အလုပ်ဌာနများမှ ကိုယ်စားလှယ်များအား ပေးအပ်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စက်တင်ဘာ ၂၄ ရက် အမိန့်ကြေငြာစာအမှတ် (၁၉၆/၂၀၂၀)အရ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ငွေ ၄၀ ရာခိုင်နှုန်းကို ခွင့်ပြုထုတ်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ဖြစ်ပွားမှုတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်လူမှုဖူလုံရေး ရုံးခွဲများ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို ခွင့်ပြုထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူမှုဖူလုံရေးအဖွဲ့သည် လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားမှုကာလတွင် အလုပ်ဌာနပေါင်း (၆၄၂၉) ဌာနမှ အလုပ်သမားပေါင်း (၈၀၀၂၆၀)ဦး အတွက် ငွေကျပ်သန်း (၁၉၆၄၀ ဒသမ ၆၃၆)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ/မင်းသစ် (MNA)