ရန်ကုန် ၂၆ ဇွန်
ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ကျန်းမာရေး စစ်ဆေးခံရန် ယာယီပိတ်သိမ်းခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းနှင့် လမ်းမတော်မြို့နယ်တို့ရှိ အလုပ်ဌာနများမှ လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံ အလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက လူမှုဖူလုံရေးရုံးခွဲ(၈)၌ ပြုလုပ်သည်။
ထောက်ပံ့ငွေ ပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းတာဝန်ခံအရာရှိ ဦးဝင်းစိုးက အလုပ်ဌာန (၁၇) ခုမှ အလုပ်သမား ( ၆၆၁) ဦးအတွက် ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၄၃၀၆၅၂၁၅ ဒသမ ၅၆ ကျပ်ကို အလုပ်ဌာန ကိုယ်စားလှယ်များအား ပေးအပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးခွဲ (၈) မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၂၄ ရက်မှ ဇွန်၂၆ ရက်အထိ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းကို အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းနှင့် လမ်းမတော်မြို့နယ်တို့ရှိ အလုပ်ဌာန (၂၀) ရှိ အာမခံအလုပ်သမား (၇၇၈) ဦးအတွက် ခွင့်ပြုသည့် ငွေကျပ် ၅၂၁၁၄၃၆၅) ကို ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယနေ့ လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
(သတင်းနှင့်ဓာတ်ပုံ-နေလင်း)


