ရန်ကုန်  ၂၈  ဧပြီ

 


ဧပြီ ၂၂ ရက် နံနက် ၇ နာရီခွဲခန့်က အလုံမြို့နယ်၊ စော/တောင်ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ်တိုက်ခန်းမှ ဦး----- သည် ဇနီးဖြစ်သူ ဒေါ်------ ကို ဒဏ်ရာရရှိအောင်ပြုလုပ်ကာ ရွှေဆွဲကြိုးလုယူသွားသူ အမည်မသိအမျိုးသားအား အရေးယူပေးရန် တိုင်ကြားသဖြင့် အလုံမြို့မရဲစခန်း (ပ)၁၈၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ-၃၉၃ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရှိရသည်။

 


ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အလုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပူပေါင်း၍ အခင်းဖြစ်ပတ်ဝန်းကျင်အား စုံစမ်းစစ်ဆေးခဲ့ရာ ပြစ်မှုကျူးလွန်သူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေ ဇေပိုင်ထွန်း (ခ) ဖိုးကဲ (ခ) ပိစိ (ခ) သြဇာထွန်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဖမ်းဆီးရမိရေး ဆက်စပ်စုံစမ်းရှာဖွေရာ ဧပြီ ၂၆ ရက် ညနေ ၆ နာရီတွင် မရမ်းကုန်းမြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့သည်။

 


ဖမ်းဆီးရမိသူ ဇေပိုင်ထွန်း (ခ) ဖိုးကဲ (ခ) ပိစိ (ခ) သြဇာထွန်းအား စစ်ဆေးဖော်ထုတ်ချက်အရ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


MDN