အလုံ ၁၅ ဇူလိုင်
အလုံမြို့နယ် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အလုံမြို့နယ်၊ ဌာနာရပ်ကွက်ရှိ အလုံမြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်လူဦးရေစာရင်းကောက်ယူရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှဝင်းတို့က အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့ အတွင်းရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟစိုးက လူဦးရေစာရင်း ကောက်ယူရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး၊ မြို့နယ် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ တွဲဘက်အတွင်းရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးခင်မောင်ထွန်းက ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်ရင်ဝင်းဟန်က လူဦးရေစာရင်းကောက်ယူပြုစုခြင်း စာရင်းဇယားများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
ကိုတင်မောင်ဦး (အလုံ)


