ရန်ကုန် ၊ ၂၇ ဒီဇင်ဘာ
မြန်မာ့မီးရထားမှ လူဉီးရေထူထပ်များပြားသည့် ရန်ကုန်မြို့ကြီးတွင် ပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ရထားလမ်း ခုံးကျော်တံတားများ စဉ်ဆက်မပြတ် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိရာ အသစ်ဆောက်လုပ်နေသော အလုံရထားလမ်း ခုံးကျော်တံတား အသုံးပြုနိုင်ရန် အလုံလမ်းမကြီးကို တစ်လတိတိပိတ်ကာ လာမည့်ဇန်နဝါရီလအကုန် သွားလာအသုံးပြုနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဉီးက ပြောသည်။
“အလုံရထားလမ်း ခုံကျော်တံတားအတွက် ချဉ်းကပ်လမ်းနဲ့ မြေကာနံရံလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ လမ်းတစ်လပိတ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အရင်ကတော့ အလုံလမ်းကို သွားလာမှု မပျက် လုပ်ငန်းတွေ လုပ်ခဲ့တယ်။ ခုတော့ လမ်းပိတ်ပြီးလုပ်ရမယ့် အလုပ်တွေသာ ကျန်တော့လို့ အခုလို လမ်းပိတ်ခွင့်တောင်းတာ ဖြစ်ပါတယ်။ လမ်းပိတ်ပြီးလုပ်မှ အဆင်ပြေမှာမို့ပါ။ လမ်းပိတ်တဲ့ကာလမှာ မော်တော်ယာဉ်တွေ သွားလာမှုအဆင်ပြေစေဖို့လည်း လမ်းလွဲများကို ကြေညာပေးထားပါတယ်၊ လာမည့် ဇန်နဝါရီလအကုန်မှာတော့ ပြည်သူတွေသွားလာ အသုံးပြုလို့ရမှာပါ” ဟု မြန်မာမီးရထားမှ ဉီးမောင်ချို (အင်ဂျင်နီယာမှူး၊ မြို့ပြ/တံတားဘောင်အလုပ်ရုံ၊ မလွကုန်း) က ပြောသည်။
အဆိုပါ လုပ်ငန်းခွင် ကာလအတွင်း ဗဟိုလမ်းမှ အလုံလမ်းကို အသုံးပြု၍ အောက်ကြည့်မြင်တိုင်လမ်းဘက်သို့ သွားလာကြမည့် မော်တော်ယာဉ်များသည် ပန်းလှိုင်လမ်းမှလည်းကောင်း၊ မင်းရဲကျော်စွာလမ်းမှတစ်ဆင့် ချန်ပါဖီလမ်း၊ သစ်တောလမ်း၊ နှမ်းဆီကုန်းလမ်းများမှလည်းကောင်း မောင်းနှင်ပေးရန်နှင့် အောက်ကြည့်မြင်တိုင်လမ်းမှ အလုံလမ်းကို အသုံးပြု၍ ဗဟိုလမ်းဘက်သို့သွားမည့် မော်တော်ယာဉ်များသည် ပန်းလှိုင်လမ်းမှလည်းကောင်း၊ ချန်ပါဖီလမ်း၊ သစ်တောလမ်း၊ နှမ်းဆီကုန်းလမ်းများမှတစ်ဆင့် မင်းရဲကျော်စွာ လမ်းမသို့လည်းကောင်း မောင်းနှင်ပေးရန် အသိပေးထား ကြောင်း သိရသည်။
အလုံရထားလမ်း ခုံကျော်တံတားကို မြန်မာ့မီးရထားက တာဝန်ယူကာ အေဝမ်းကုမ္ပဏီက ၂၀၁၉ ခုနှစ် ဧပြီ ၁ ရက်မှ စတင်တည်ဆောက်ခဲ့ကာ ပြီးခဲ့သော မေလက တည်ဆောက်ပြီးစီးခဲ့သည်။ ယခုချဉ်း ကပ်လမ်းနှင့် မြေကာနံရံလုပ်ငန်းများကို ရိုးမနဒီ ကုမ္ပဏီက လုပ်ဆောင်လျက်ရှိသည်။ အဆိုပါ လမ်းပိတ်လုပ်ငန်းများကို ဇန်နဝါရီ ၁ ရက်မှ ၃၁ ရက်အထိ လမ်းပိတ် လုပ်ဆောင်မည်ဖြစ်ဖြစ်ကြောင်းနှင့် ပြီးဆုံးပါက အလုံရထားလမ်း လူကူးခုံကျော်တံတားကို အသုံးပြုနိုင်ပြီ ဖြစ်သည်။
မြန်မာ့မီးရထားသည် လူဉီးရေထူထပ်များပြားပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေး အချက်အချာကြသော ရန်ကုန်မြို့ကြီးတွင် ပြည်သူများသွားလာမှု အဆင်ပြေစေရန်အတွက် ရထားလမ်းလူကူး ခုံးကျော်တံတားများကို စဉ်ဆက်မပြတ် ဆောက်လုပ်ပေးလျက်ရှိရာ ယခု ၂၀၂၀ ခုနှစ်တွင် အင်းစိန်ရထားလမ်း လူကူးခုံးကျော်တံတားနှင့် အလုံရထားလမ်း လူကူးခုံကျော်တံတားတို့ကို ဆောက်လုပ်ပေးခဲ့ကြောင်း သိရသည်။
မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ - မင်းထက်


