ရန်ကုန် ၁၄ စက်တင်ဘာ 
    

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၅/၂၀၁၉) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦးတက်ရောက်ကြသည်။
    

အစည်းအဝေးတွင် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်ကဏ္ဍ၊ အိမ်ရာအဆောက်အဦ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၈) ခုခွင့်ပြုခဲ့ပါသည်။ အဆိုပါလုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၆ ဒသမ ၇၄၅ သန်းနှင့် ငွေကျပ် ၁၆၃၃၀၂ ဒသမ ၇၅၃ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၃၁၅၉)နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
    

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံပေါင်း (၅၀) နိုင်ငံတို့မှ စီးပွားရေးကဏ္ဍ(၁၂)ခုတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း (၁၈၀၆) ခုရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၁၅၉၇ ဒသမ ၇၄၃ ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။ 
    

နိုင်ငံပေါင်း ၅၀ နိုင်ငံမှ စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၇ ဒသမ ၄၈ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင်  စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၉၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။ 


သတင်းစဉ်