နေပြည်တော် ၁၅ သြဂုတ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization-ILO) နှင့် ဂျာမနီပူးပေါင်းဆောင်မှု (German Cooperation) တို့ပူးပေါင်း၍ အလုပ်အကိုင် ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group-JCSCG) အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ PARK ROYAL Hotel ၌ ကျင်းပသည်။
အခမ်းအနားတွင် အလုပ်အကိုင်ဖန်တီးပေးနိုင်မှုကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ယနေ့ အလုပ်ရုံဆွေးနွေးပွဲသည် ကုန်သွယ်ရေးကဏ္ဍ၊ စက်မှုကုန်ချောထုတ်လုပ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍများကို ကဏ္ဍအလိုက် တိုးတက်မှုအခြေအနေများ တင်ပြနိုင်ရန်၊ အလုပ်အကိုင် ဖန်တီးပေးနိုင်ရေးနှင့် စပ်လျဉ်းသည့် Myanmar Sustainable Development Plan (MSDP) ပါလုပ်ငန်းစဉ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု ကဏ္ဍဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ (Job Creation Sector Coordination Group - JCSCG) ၏ ကဏ္ဍအလိုက် အဖွဲ့ခွဲများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရန်နှင့် ကဏ္ဍအလိုက် အဖွဲ့ခွဲများမှ အလုပ်အကိုင် ဖန်တီးပေးနိုင်ရေးကို အထောက်အကူပြုမည့် ဦးစားပေးရွေးချယ်ထားသည့် စီမံကိန်းအဆိုပြုလွှာများ ဖော်ထုတ်ပြီး ဖွံ့ဖြိုးမှုအကူအညီများ ရယူဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း။
အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ခြင်းသည် နိုင်ငံ၏စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကကျသော အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်အခါတွင် စိန်ခေါ်မှုများစွာကိုကြုံတွေ့ နေရသော်လည်း ဖွံ့ဖြိုးတိုးတက်ရန် ကြုံတွေ့နေရသော အခက်အခဲများဟု မှတ်ယူ၍ နိုင်ငံတကာမှ ဖွံ့ဖြိုးမှုအကူအညီများ၊ ပြည်တွင်းလုပ်ငန်းရှင်များနှင့်အတူ ပေါင်းစပ်ကြိုးပမ်းဆောင်ရွက်ပါက မိမိတို့၏ လုပ်ငန်းစဉ်များအောင်မြင် လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (International Labour Organization - ILO)မှ Liaison Officer, Mr. Donglin Li က နှုတ်ခွန်းဆက်စကားပြောကြားသည်။ ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲအား ဆက်လက်ကျင်းပရာ ကုန်သွယ်ရေးကဏ္ဍ၊ စက်မှုကုန်ချော ထုတ်လုပ်မှုကဏ္ဍ၊ ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာကဏ္ဍ အစရှိသည့်ဦးစားပေးကဏ္ဍအလိုက် တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ဦးစားပေးကဏ္ဍအလိုက် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (International Labour Organization)မှ တာဝန်ရှိသူများ၊ INGO များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြခဲ့ကြောင်း သိရသည်။
သတင်းစဉ်


