mdn

နေပြည်တော် နိုဝင်ဘာ ၁၆

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေး သို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၉)ဦး တက်ရောက် ကြသည်။

 

အစည်းအဝေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြား ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ယာအဆောက်အဦကဏ္ဍတို့မှ လုပ်ငန်း (၈)ခု ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၆၅ ဒသမ ၈၅၃) သန်းနှင့် မြန်မာငွေကျပ် (၉၉,၅၄၃ ဒသမ ၃၅၈) သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ် အကိုင်အခွင့် အလမ်းပေါင်း (၁,၇၃၉) နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်သည်။

 

ယခုအချိန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။

 

နိုင်ငံပေါင်း (၅၀)မှ စီးပွားရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံ နှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၇ ဒသမ ၂၉ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ လျှပ်စစ် ကဏ္ဍတွင်  စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၅ ဒသမ ၇၇ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစု ပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၁၄ ဒသမ ဝ၄ ရာခိုင်နှုန်း) ဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။

 

(သတင်းစဉ်)