မြန်မာနိုင်ငံတွင် လူဦးရေအများစုသည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ အခြေခံပြည်သူများသည် နိုင်ငံလူဦးရေ၏ အများစုဖြစ်သည်။ ထို့ကြောင့် ပြည်သူအများ စားဝတ်နေရေး အဆင်ပြေချောင်လည်စေရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ အစဉ်တိုးတက်ကောင်းမွန်ရန် လိုအပ်သည်။ နိုင်ငံတော်အစိုးရ အနေဖြင့်လည်း တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် အစွမ်းကုန် ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အခက်အခဲ၊ အနှောင့်အယှက်၊ အတိုက်အခိုက်၊ အဖျက်အဆီးများကြားမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဦးစားပေး ဆောင်ရွက်လျက်ရှိရာ တိုးတက်ဖြစ်ထွန်းမှုများ ရရှိနေသည်ကို မြင်တွေ့နေရပါသည်။ နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ အကျိုးစီးပွားကို လက်တွေ့ ဆောင်ကြဉ်းပေးလျက်ရှိသဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုစွမ်းအားဖြင့် အဘက်ဘက်တွင် ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူတစ်ဦးချင်းစီ၏ စားဝတ်နေရေး ပြည့်စုံကောင်းမွန်ပြီး အေးချမ်းစွာ နေထိုင်နိုင်ရန်၊ နိုင်ငံတော်၏ စီးပွားရေး တိုးတက်လာစေရန်၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ကျဆင်းခဲ့သည့် စီးပွားရေးလုပ်ငန်းများ ပြန်လည်ရှင်သန် ဦးမော့လာစေရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။ ယနေ့ကာလတွင် ကိုဗစ်-၁၉ ရောဂါ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၊ ပြည်သူအများစု၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည်ကိုတွေ့ရမည်ဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်၏ အမျိုးသားရေးလုပ်ငန်းစဉ် အောင်မြင်စွာအကောင် အထည်ပေါ်လာရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာရေး အချက်သည် ကနဦးလိုအပ်ချက်၊ လက်ငင်းလိုအပ်ချက်ဖြစ်သည်။ မျက်မှောက်ကာလ၌ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးကဏ္ဍတွင် ထိခိုက်မှုများရှိခဲ့ရာ အလုပ်အကိုင်အခွင့်အလမ်းများ မတည်ငြိမ်မှု၊ ဝန်ထမ်းအင်အားလျှော့ချမှုတို့ကို မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံး ကြုံတွေ့နေရသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက စီးပွားရေး ပြန်လည်ဦးမော့လာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လင်းလာစေရေး တို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အကူပြုမည့် ကာလတိုအတွင်း အလုပ်အကိုင်များ ဖန်တီးပေးနိုင်သော ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားလုပ်ငန်းများကို ပြည်တွင်း ပြည်ပမှ လုပ်ငန်းရှင်များအား ဝင်ရောက်ရင်းနှီး လုပ်ကိုင်ခွင့်ပြုပေးလျက်ရှိသည်။
ပြည်တွင်း ပြည်ပမှ ရင်းနှီးလုပ်ကိုင်ကြသည့် လက်ခစားလုပ်ငန်းစနစ်ကြောင့် လုပ်သားအခြေပြု အလုပ်အကိုင်များ ဖန်တီးပေးနိုင်ခြင်း၊ အရင်းအနှီး အနည်းငယ်ဖြင့် နိုင်ငံတော်အတွက် စီးပွားရေးတိုးတက်အောင် ဖန်တီးပေးနိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့သည်။ ထို့အပြင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက် ဝင်ရောက်လာစေပြီး နည်းပညာ၊ ဈေးကွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိစေရန်နှင့် ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့ကောင်းများ ရရှိနိုင်စေရန်တို့အတွက် နိုင်ငံတော်အစိုးရက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ အနည်းဆုံးအခြေခံအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ရာမှ ယင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုမှတစ်ဆင့် စက်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက် ရရှိလာအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတို့တွင် စက်မှုလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းများ၌ အများဆုံးရင်းနှီးမြှုပ်နှံလျက်ရှိသည်။ ထိုသို့ လက်တွေ့လုပ်ကိုင် ဆောင်ရွက်နေသော လုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း များစွာဖန်တီး ပေးလျက်ရှိသည်။
မြန်မာနိုင်ငံသည် လုပ်သားအင်အားပေါများသောနိုင်ငံဖြစ်သဖြင့် ပေါ်ထွက် လာသော အလုပ်အကိုင်အခွင့်အလမ်းများကို ထိထိရောက်ရောက် ပါဝင်အသုံးချ ကြရမည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားများ၏ စိတ်ဓာတ်၊ ယုံကြည်ချက်၊ အတွေးအခေါ်မှန်ကန်ရေး၊ အလုပ်ကိုတန်ဖိုးထားရေး၊ စွန့်ဦးတီထွင်မှုဆိုင်ရာ အသိပညာ၊ အတတ်ပညာများ အဆင့်မီမီတတ်မြောက်စေရေး၊ လုပ်ချင်ကိုင်ချင်စိတ်ရှိသည့် ပြင်းပြသောဆန္ဒများဖြင့် တိုးတက်အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်လိုစိတ်ရှိရေး စသည့် မိမိအကျိုး၊ နိုင်ငံအကျိုး တိုးတက်ဖြစ်ထွန်း စေရန် အစဉ်ကြံစည်ကြိုးပမ်းအားထုတ်နေကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်အစိုးရအနေဖြင့် “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ယုံကြည်ချက်ဖြင့် ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အခြေခံမှစ၍ ဖန်တီးဖော်ဆောင်ပေးလျက်ရှိရာ ယခုအခါ စီးပွားရေးကဏ္ဍတွင် တိုးတက် အောင်မြင်မှုလမ်းစများ တွေ့ရှိနေရပြီဖြစ်၍ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်း ချက်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးရည်မှန်းချက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
ကြေးမုံ