အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ဖို့ သမဝါယမအသင်းများ ဆောင်ရွက်စို့

Kဇင်သစ်(မန်းတက္ကသိုလ်)

ဒီနှစ်မုတ်သုံရာသီက ခပ်စောစောလေးဝင်ရောက်လာသလို ခံစားမိသည်။ ခပ်ပြင်းပြင်း အပူဒဏ်ကို စောစီးစွာ ငြိမ်းချမ်းရေးပေးလိုက်သည့်ပမာလည်း ဖြစ်မည်ထင်သည်။ ယနေ့ကမ္ဘာကြီးက တစ်နှစ်ထက်တစ်နှစ် ပို၍ ပို၍ ပူနွေးလာသည်က ငြင်းဖွယ်မရှိပါ။ ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ကြံ့ကြံ့ခံရင်း လူသားတို့သည် အေးချမ်းမှု၊ တည်ငြိမ်မှု၊ လုံခြုံမှု၊ သာယာဝပြောမှု၊ စီးပွားတိုးတက်မှု၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေး၊ လုပ်ငန်းခွင်ပျော်မွေ့ရေး စသည်တို့ကို လိုလားတောင့်တနေကြသည်ကို တွေ့နေကြရပါသည်။

အများအကျိုးဆောင် လူမှုစီးပွားဖွံ့ဖြိုးရေး အဖွဲ့ကြီး

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကလည်း လူသားများ၏ လိုအင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကမ္ဘာကြီး ရေရှည်ဖွံ့ဖြိုး ရှင်သန်ရပ်တည်နိုင်အောင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင် (၁၇) ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များကို ဖော်ဆောင်ရန်နှင့် လူသားတို့၏ လိုအင်တွေကို တတ်စွမ်းသမျှ ကူညီထောက်ပံ့ ပေးနေသည့် အများအကျိုးဆောင်သည့် လူမှုစီးပွားဖွံ့ဖြိုးရေးအဖွဲ့ကြီး တစ်ခု ကမ္ဘာ့အလယ်တွင် မားမားမတ်မတ် ရပ်တည်နေခြင်းက လူသားတို့အတွက် အားကိုးစရာပင်။ ယင်းအဖွဲ့ကြီးမှာ ၁၈၉၅ ခုနှစ် အင်္ဂလန်နိုင်ငံတွင် ဖွဲ့စည်းထူထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (International Cooperative Alliance-ICA) ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ သမဝါယမအသင်းများ၏ ခေါင်သူကြီးဖြစ်သည့် ဗဟိုသမဝါယမအသင်းသည် ၁၉၉၃ ခုနှစ်တွင် ICA အဖွဲ့ဝင် အဖြစ် ဝင်ရောက်ခဲ့ပြီး ICA ၏လှုပ်ရှားမှုများတွင် ပူးပေါင်း ါဝင်ဆောင်ရွက်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၂၆) နှစ်တိုင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး မြန်မာ့သမဝါယမဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိနေပေသည်။

ICA အဖွဲ့ဝင်ဖြစ်သည့် မြန်မာနိုင်ငံသမဝါယမအသင်း အဖွဲ့များအနေဖြင့် နှစ်စဉ် ဇူလိုင်လရောက်တိုင်း ရွှဲရွှဲစိုနေတဲ့ မိုးရေများကြားတွင် အပြုံးကိုယ်စီဖြင့် ပျော်ပျော်ပါးပါး အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဂုဏ်ပြုအခမ်းအနားများ၊ ပြပွဲနှင့် ထုတ်ကုန်ရောင်းချပေးသည့်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်မှာ ငွေရတုပင်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုနှစ်မှာလည်း နေပြည်တော်၊ ရုံးအမှတ်(၁၆)၊ သမဝါယမဦးစီးဌာန ရုံးပရိဝုဏ်အတွင်း ဒေသထွက် ကုန်ပစ္စည်းအရောင်းပြခန်းများ ဖွင့်လှစ်ပြီး ဇူလိုင်လ  ၅ ရက်မှ ၇ ရက်နေ့အထိ ခြိမ့်ခြိမ့်သဲ ဂုဏ်ပြုကျင်းပမည် ဖြစ်ပါသည်။

၁၉၉၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ အထွေထွေညီလာခံကြီးက နှစ်စဉ်ဇူလိုင်လ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့အဖြစ် သတ်မှတ်ဆုံးဖြတ်ခဲ့ပြီးနောက် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ သမဝါယမ အဖွဲ့အစည်းများ နည်းတူ မြန်မာ့သမဝါယမများအနေဖြင့် ၁၉၉၅ ခုနှစ်မှစ၍ နှစ်စဉ် ဇူလိုင်လ ပထမပတ်စနေနေ့ ကျရောက်တိုင်း အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ဂုဏ်ပြု အခမ်းအနားများကို ကျင်းပခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၂၅) ကြိမ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ဇူလိုင်လ ပထမ စနေနေ့ရောက်တိုင်း သမဝါယမလှုပ်ရှားမှုတွေက ကမ္ဘာ တစ်လွှား ဝင့်ကြွားနေကာ သမဝါယမနှင့်ဆက်နွှယ်သူတို့ကို ပီတိဖုံးစေသည့် နေ့ထူးနေ့မြတ် အခါသမယလည်းဖြစ်ပေသည်။

နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှ အသင်းအဖွဲ့ ၃၁၀ ကျော် ပါဝင်လာ

နိုင်ငံတကာရှိ သမဝါယမအဖွဲ့အစည်းများအချင်းချင်း ရင်းနှီးစွာ ပေါင်းသင်းဆက်သွယ် ဆောင်ရွက်နိုင်ရန်နှင့် လူမှုစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းထားသည့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (ICA) တွင် နိုင်ငံပေါင်း ၁၀၉ နိုင်ငံမှ သမဝါယမ အသင်းအဖွဲ့ / သမဝါယမဘဏ် / သမဝါယမကောင်စီများနှင့် နိုင်ငံအစိုးရ ကိုယ်စားပြုအဖွဲ့အစည်းများ စုစုပေါင်း အသင်းဝင်/အဖွဲ့ဝင် ၃၁၀ ကျော် ရှိနေပြီးဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (ICA) သည် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးပန်းတိုင်များကို တတ်နိုင်သည့်ကဏ္ဍမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ရောက်တိုင်း သမဝါယမ လောကသားများသို့ ဆောင်ပုဒ်များဖြင့် မီးမောင်းထိုးကာ နှိုးဆော်တိုက်တွန်းလျက်ရှိပါသည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ ဆောင်ပုဒ်မှာ “Coops 4 Decent Work” “အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ဖို့ သမဝါယမအသင်းများ ဆောင်ရွက်စို့”  ဖြစ်ပါသည်။ ICA က တိုက်တွန်းထားသည့် ယခုနှစ် ဆောင်ပုဒ်နှင့်အညီ သမဝါယမများအနေဖြင့် ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သော ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များ တိုးချဲ့ဆောင်ရွက်ဖို့နဲ့ သင့်တင့်လျောက်ပတ်တဲ့ အလုပ်အကိုင်များကို သမဝါယမကဏ္ဍမှ ဖန်တီးဖော်ဆောင်ပေးဖို့ လိုအပ်လျက် ရှိပါသည်။

ယနေ့ခေတ်တွင် သာတူညီမျှ - တရားမျှတမှုများ မရှိခြင်း၊ အလုပ်အကိုင်ရရှိရန် မသေချာခြင်းနှင့် အလုပ်ခွင်တည်မြဲမှု မရှိခြင်း၊ အလုပ်အကိုင် ခန့်ထားပေးနိုင်မှုမရှိခြင်း (နည်းပါးခြင်း) များမှာ လူငယ်များအကြား ပိုမိုမြင့်တက်လာခြင်းကြောင့် ကုလသမဂ္ဂပန်းတိုင် (၁၇) ရပ်အနက် ပန်းတိုင် (၈) ပါ နိုင်ငံအလိုက် တစ်ဦးကျဝင်ငွေ တိုးတက်မှုနှုန်းကို စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေး၊ ထုတ်ကုန်ထုတ်လုပ်သည့်ကဏ္ဍနှင့် လုပ်သားအင်အား အသုံးပြုလုပ်ဆောင်သည့် ကဏ္ဍများကို အလေးပေး ဆောင်ရွက်နိုင်ရေး၊ သင့်တင့်လျောက်ပတ်သော အလုပ်အကိုင် ဖန်တီးပေးနိုင်မှု၊ စီးပွားရေး၌ စွန့်စားလိုစိတ်ရှိမှု၊ ဖန်တီးတီထွင်နိုင်စွမ်းနှင့် ပြုပြင်ပြောင်းလဲလိုမှုများကို အတည်ပြုပေးနိုင်မည့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒများ အားပေးမြှင့်တင်နိုင်ရေး၊ ၂၀၃၀ ပြည့်နှစ်တွင် လူငယ်များနှင့် မသန်စွမ်းသူများ အပါအဝင် အမျိုးသမီးများနှင့် အမျိုးသားအားလုံး အလုပ်အကိုင် အပြည့်အဝ ရရှိရေးနှင့် တူညီသောအလုပ်အတွက် တူညီသော လုပ်ခ လစာ ရရှိရေး၊ ၂၀၃၀ ပြည့်နှစ်တွင် အလုပ်အကိုင်အခွင့်အလမ်း များကို ဖန်တီးပေးနိုင်သည့် မူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု အားကောင်း လာစေရေး၊ ကုန်သွယ်ရေးဆိုင်ရာ အကူအညီအထောက်အပံ့ တိုးမြှင့်ရေးတို့ကို ကမ္ဘာ့နိုင်ငံများက အကောင်အထည်ဖော် ဆောင်ရွက်ဖို့နဲ့ မဖြစ်မနေ လိုက်နာလုပ်ဆောင်ကြဖို့ လိုအပ်လှပါသည်။

အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖော်ထုတ်ပေးရာနေရာ

ယခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ဆောင်ပုဒ်မှာလည်း ကမ္ဘာ့သမဝါယမ အဖွဲ့အစည်းများအနေဖြင့် ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး ပန်းတိုင်ပါ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းအကောင် အထည်ဖော် ဆောင်ရွက်ပြီး ကမ္ဘာ့လူသားအကျိုးပြုမှုနှင့် ကမ္ဘာကြီး သာယာဝပြောမှု၊ ရေရှည်တည်တံ့ခိုင်မြဲရေး၊ အလုပ်အကိုင်များ ဖန်တီးပေးရေးတို့ကို သမဝါယမနည်းစနစ်များဖြင့် ခွန်အားအပြည့် စွမ်းစွမ်းတမံကြိုးပမ်းကြဖို့ တိုက်တွန်းထားကြောင်း သိရှိရပါသည်။ ကမ္ဘာ့အအောင်မြင်ဆုံး လုပ်ငန်းများတွင် သမဝါယမအဖွဲ့အစည်း ၃၀ဝ ခန့်က နေရာယူထားပြီး ၂၀၁၂ ခုနှစ်များဆီက အလုပ်အကိုင်အခွင့်အလမ်းပေါင်း သန်း ၁၀ဝ ကို သမဝါယမကဏ္ဍမှ ဖန်တီးပေးနိုင်ခဲ့ပါသည်။ ယနေ့ အချိန်အခါတွင် ကမ္ဘာတစ်လွှား သမဝါယမများက လူဦးရေ ၂၇၉ သန်းကျော်ကို လုံလောက်၊ မျှတသော ဝင်ငွေများရရှိအောင် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ကြဉ်းပေး နိုင်ခဲ့ကြောင်း ICA က ထုတ်ပြန်ထားပါသည်။

အလျဉ်းသင့်၍ သမဝါယမနှင့်ပတ်သက်ပြီး အနည်းငယ် တင်ပြလိုပါသည်။ “ မြန်မာ့ သမဝါယမ” ဆိုရာဝယ် အစိုးရဌာနဖြစ်သည့် သမဝါယမဦးစီးဌာနနှင့် တည်ဆဲ သမဝါယမအသင်း ဥပဒေနှင့်အညီ ဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် သမဝါယမ အသင်းဟူ၍ ခွဲခြားသိမြင်သူ နည်းပါးကြပါသည်။ ယခင်ကာလများက သမဝါယမအသင်းများကို အုပ်ချုပ်သူအစိုးရက ရာနှုန်းပြည့်နီးပါး စီမံခန့်ခွဲခဲ့သည့် အစဉ်အလာကိုပဲ မြင်ယောင်နေခြင်းကြောင့် သမဝါယမအသင်းပိုင် ပစ္စည်းများကို အစိုးရ ဌာနပိုင်ဟု ထင်မြင်နေကြခြင်းပဲဖြစ်ပါသည်။ သမဝါယမအသင်းများသည် ၎င်းတို့ဆန္ဒအတိုင်းသာ အသင်းပိုင်ပစ္စည်းများ၊ အသင်း၏ စီးပွားရေးလုပ်ငန်းများ တိုးတက်မြင့်မားအောင် အသင်းသားအများစု၏ ဆုံးဖြတ်ချက်ဖြင့်သာ စီမံခန့်ခွဲပိုင်ခွင့် ရှိပါသည်။

သမဝါယမဦးစီးဌာနသည် သမဝါယမအသင်းများ ဖွံ့ဖြိုးရေးအတွက် အသင်းများစည်းရုံး ဖွဲ့စည်းမှတ်ပုံတင်ပေးခြင်း၊ သမဝါယမဆိုင်ရာ ပညာရပ်များ ပြန့်ပွားအောင် ပညာပေးခြင်းနှင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အသင်းများအား ထိန်းကျောင်း တည့်မတ်ပေးခြင်းကိုသာ ဦးစားပေး လုပ်ကိုင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ သမဝါယမ အသင်းပိုင် ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် အသင်းလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် သမဝါယမ ဦးစီးဌာနအဆင့်ဆင့်တို့က အသင်းတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ကြ၍သာ ၁၉၀၅ ခုနှစ်မှ ယနေ့ကာလအထိ နှစ်ပေါင်း ၁၁၄ နှစ်ကျော်ကြာ မြန်မာ့မြေတွင် သမဝါယမများ ရှင်သန်နေခြင်းဖြစ်သည်ဟု ဆိုရပေမည်။

မူလပိုင်ရှင်မှာ အသင်းသားများသာဖြစ်

သမဝါယမအသင်းများ၏ မူလပိုင်ရှင်သည် အသင်းသားများ ဖြစ်သည်ဆိုတာကို ပြည်သူအများစုက မသိရှိကြသေးပေ။ အသင်းသားအားလုံးသည် အသင်း၏ စားသုံးသူများ ဖြစ်သလို အလုပ်ရှင်များလည်း ဖြစ်ကြပါသည်။ သမဝါယမဆိုင်ရာ စီးပွားရေး လုပ်ငန်းတွေကို အကျိုးအမြတ်နဲ့ မောင်းနှင်ခြင်းမျိုးမဟုတ်ဘဲ တန်ဖိုးကို အလေးထားပြီး မောင်းနှင်ကြရမည်ဖြစ်ပါသည်။ ပြည်သူရွေးချယ် တင်မြောက်ခဲ့သည့် ပြည်သူ့အစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးရေးကို အလေးပေး ဖော်ဆောင် လျက်ရှိရာတွင် တည်ဆဲသမဝါယမ အသင်းဥပဒေအရ သမဝါယမအသင်းများ၏ မူလပိုင်ရှင်သည် အသင်းသားများသာ ဖြစ်နေပါသည်။ အသင်းသားပြည်သူများအနေဖြင့် အသင်း၏ လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခြင်း၊ မိမိတို့ပိုင်ဆိုင်သည့် သမဝါယမအသင်းများကို ယုံကြည်မှုအပြည့်ဖြင့် စိတ်ဆန္ဒပြင်းပြစွာ ဒီမိုကရေစီစံနှုန်းများဖြင့် စီမံခန့်ခွဲနေမှုကို နားလည်သဘောတူခြင်းတို့ဖြင့် ဝန်းရံလိုက်မည်ဆိုပါက မြန်မာ့ သမဝါယမများ ယခုထက်ပိုမို၍ မျက်နှာပန်းလှနေဦးမည် ဖြစ်ပေသည်။

နှစ်ပေါင်း ၁၁၄ နှစ်ကျော် ရှင်သန်ရပ်တည်နိုင်ခဲ့သည့် မြန်မာ့သမဝါယမသည် မြန်မာနိုင်ငံတွင် “အရှည်ကြာဆုံးသော အင်စတီကျူရှင်း” တစ်ခုဖြစ်သည်ဟု ဆိုလျှင်လည်း မှားမည် မထင်ပေ။ တိုးတက်ခြင်း၊ အောင်မြင်ခြင်းဟူသည် အင်စတီကျူရှင်းအပေါ် ပြည်သူတို့၏ ယုံကြည်မှုက သက်သေ ထူနေ မည်ဟုထင်ပါသည်။ ယခုကဲ့သို့ “မြန်မာ့သမဝါယမ အင်စတီ ကျူရှင်း” ရှည်ကြာအောင် ရပ်တည်နိုင်ဖို့ ဖန်တီး ပုံဖော်ပေးခဲ့ကြသည့် ယခင်၊ ယခုလက်ရှိ မြန်မာ့သမဝါယမ လောကသားများကို အထူးကျေးဇူးတင်နေမိပါသည်။ သမဝါယမများကြောင့် အခြေခံပြည်သူများ စားဝတ်နေရေး ပြေလည်မှု အထိုက်အသင့်ရှိခဲ့သလို အလုပ်အကိုင်အခွင့် အလမ်းများလည်း ရှာဖွေဖန်တီးပေးလျက် ရှိပါသည်။ မျက်မှောက်ကာလ တွင်လည်း အစိုးရခန့် သမဝါယမဦးစီးဌာန ဝန်ထမ်း ၅၉၀ဝ ခန့်၊ သမဝါယမအသင်းပိုင် ငွေကြေးများဖြင့် ခန့်အပ်ထားသည့် ဝန်ထမ်း ၁၅၀ဝဝ ခန့်၊ သမဝါယမပိုင် စက်ရုံ၊ အလုပ်ရုံများရှိ လုပ်သားအင်အား ၂၀ဝဝ၊ အသင်းတည်ရာ သက်ဆိုင်ရာ ဒေသများတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်နေသူ ၁၅၀ဝဝဝ ခန့်တို့မှာ မြန်မာ့သမဝါယမ များကြောင့် အလုပ်အကိုင်များ ရရှိနေကြခြင်း ဖြစ်ပေသည်။

အစိုးရကို တစ်ဖက်တစ်လမ်းမှ ကူညီပေးနေ

မြန်မာ့သမဝါယမများသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုလုပ်ငန်း၊ အားလုံးပါဝင်သော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့ကို လက်တွေ့ကျကျ လုပ်ဆောင်နေသည်ကိုလည်း အံ့မခန်းတွေ့နေရပြန်သည်။ မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း၊ မျိုးကောင်း၊ မျိုးသန့် မျိုးစေ့ထုတ်လုပ်ငန်းများ တွင်ကျယ်လာစေရေး၊ လယ်ယာသွင်းအားစုနှင့် စက်မှုလယ်ယာ ကူးပြောင်းရေး လယ်ယာသုံး စက်ကိရိယာများအား အရစ်ကျ အငှားဝယ်စနစ်ဖြင့် ရောင်းချပံ့ပိုးပေးနေခြင်းတို့ကို မြန်မာ့ သမဝါယမများက ရှိသမျှခွန်အားဖြင့် အစွမ်းကုန် ကြိုးပမ်း နေမှုကလည်း အစိုးရကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုပေးနေသကဲ့သို့ ကျေးလက်နေပြည်သူများ အမှန်တကယ် လိုအပ်နေသည့် အရင်းအနှီးချေးငွေများကိုလည်း ထောက်ပံ့ ပေးလျက်ရှိပါသည်။ နိုင်ငံခြားချေးငွေရယူ၍ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှစ၍ လယ်သမားများသို့ မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို ခြောက်လတစ်ကြိမ် ထုတ်ချေး၊ ပြန်ဆပ်စနစ်ဖြင့် ပြင်ပအတိုးနှုန်းများထက် သက်သာမှုရှိအောင် ထောက်ပံ့၊ ထုတ်ချေးပေးနေမှုကြောင့် ကျေးလက်ဒေသ လယ်ယာလုပ်ငန်းခွင်များတွင် အလုပ်အကိုင်အခွင့် အလမ်းများ ထိုက်သင့်သလောက်ရရှိနိုင်ရေး သမဝါယမက ဆောင်ရွက်ပေးနေသည်ဟု ထည့်တွက်မည်ဆိုလျှင်လည်း ရနိုင်ပေသည်။

သို့ဆိုရာ မြန်မာ့သမဝါယမများအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှု အားကောင်းလာစေရေး၊ လယ်ယာကဏ္ဍ ထုတ်လုပ်မှုနှင့် ယင်းကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး၊ ကုန်သွယ်ရောင်းဝယ်မှုများတွင် ကူညီ ထောက်ပံ့ပေးနိုင်ရေး၊ အခြားသောကဏ္ဍများတွင်လည်း သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်များ ဖန်တီပေးခြင်း တို့ကို တိုးမြှင့်လုပ်ဆောင်ခြင်းတို့ဖြင့် ICA အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်ကြီး၏ တိုက်တွန်းနှိုးဆော်ချက်ကို ပြည့်ဝစွာလိုက်နာ လုပ်ဆောင်ကြလိမ့်မည်ဟု ယုံကြည် လျက် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၆) ရက် (စနေနေ့) တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုလိုက်ရပါတော့သည်။ ။

မြန်မာ့အလင်း