မေ ၉

 

ဗိုလ်ချုပ်အောင်ဆန်း မိန့်ကြားခဲ့သကဲ့သို့ ကျွန်ုပ်တို့မြန်မာများသည် အခြေအနေကောင်းလျှင် တက်ထောင်တတ်သည့် ဓလေ့စရိုက်ရှိသည်။ မြန်မာ့ရိုးရာလှေပြိုင်ပွဲတွင် နိုင်ခြေရှိသည်ဟု အထင်ရောက်ပြီး ပန်းမဝင်မီ တက်ထောင်မော်ကြွားလိုက်သည်နှင့် လှေအရှိန်လျော့ကာ အရှုံးနှင့်ရင်ဆိုင်ရသည့် အဖြစ်မျိုးတည်း။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို ဆောင်ရွက်ရာ၌လည်း လှေပြိုင်ပွဲကဲ့သို့ တက်မထောင်မိဖို့လိုသည်။ ။

 

အထူးသဖြင့် လူဦးရေအထူထပ်ဆုံး၊ စီးပွားရေးလုပ်ငန်း အများဆုံးရှိသည့် ရန်ကုန်မြို့ကို ဆိုချင်သည်။ ဓာတ်ခွဲအတည်ပြု လူနာအတွေ့များလာလျှင် စည်းကမ်းလိုက်နာကြ၊ သတိထားကြ၊ သတိပေးနှိုးဆော်မှုများ ရှိကြသည်။ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့သည့်ရက်များလာသည်နှင့် အခြေအနေကောင်းပြီဟုဆိုကာ အပြင်ထွက်သူများလာသည်။ စည်းကမ်းမလိုက်နာသူ များလာသည်။ နှာခေါင်းစည်းတပ်သူမှာ ၁၀ ရာခိုင်နှုန်း၊ မေးတွင်သိုင်းချိတ်သူက ၃၀ ရာခိုင်နှုန်း၊ မတပ်သူက ၆၀ ရာခိုင်နှုန်းရှိလာသည်။

 

ရောဂါကူးစက်မည်ကို မကြောက်တော့၍မဟုတ်၊ အခြေအနေ အနည်းငယ်ကောင်းသည်နှင့် ပေါ့ပေါ့ဆဆ ပြုမူနေထိုင်ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံ၊ ရုန်းကန်လှုပ်ရှားနေရသည့် နိုင်ငံဖြစ်သည်။ တစ်နေ့လုပ် တစ်နေ့စား ပြည်သူအများရှိသည်။ နိုင်ငံတော်အစိုးရရော ပြည်သူလူထုပါ ပုံမှန်ကာလကို မြန်မြန်ဆန်ဆန် ရောက်လိုကြသည်။ ပုံမှန်ကာလသို့ ရောက်လိုပါက ရောဂါကူးစက်သည်ဖြစ်စေ၊ မကူးစက်သည်ဖြစ်စေ အမိန့်၊ ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံ ကျန်းမာရေးစောင့်ရှောက်နိုင်မှု ပကတိအခြေအနေ မှန်ကို သိနားလည်ရမည်ဖြစ်သည်။

 

လက်ရှိတွင် ရန်ကုန်မြို့၌ စောင့်ကြည့်လူနာ၊ သံသယလူနာ၊ ဓာတ်ခွဲ စစ်ဆေးနိုင်မှု၊ ရောဂါပိုးတွေ့ လူနာများနှင့် ကျန်းမာရေးကျွမ်းကျင်သူ၊ ပညာရှင်၊ ဝန်ထမ်းများ နိုင်နိုင်နင်းနင်း ရှိနေသေးသည်။ မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာတွင် ရောဂါကူးစက်မှုကို လေ့လာကြည့်လျှင် တစ်ယောက်မှ တစ်ဆယ်၊ တစ်ဆယ်မှတစ်ရာ ဖြစ်လာပြီး တစ်ရာမှတစ်ထောင်၊ တစ်ထောင်မှတစ်သောင်း ဖြစ်ပွားလူနာ တိုးလာသည်နှင့်အမျှ ရောဂါကူးစက်မှု အရှိန်အဟုန် ပိုမြန်လာသည့်နိုင်ငံများကို တွေ့နိုင်ပါသည်။  ထိုနိုင်ငံများသည် ငွေကြေးဥစ္စာကြွယ်ဝချမ်းသာပြီး ကျန်းမာရေး စောင့်ရှောက်မှု အထူးပြည့်စုံကောင်းမွန်သော နိုင်ငံများဖြစ်သည်။ ။

 

မေလ ၈ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၇၇ ဦးရှိရာ ကူးစက်ခံရသူ အများဆုံးမှာ ရန်ကုန်မြို့မှဖြစ်နေသည်။ တစ်ယောက်မှတစ်ဆင့် နောက်တစ်ဆင့်ဖြင့် ခုဂဏန်း၊ ဆယ်ဂဏန်း တဖြည်းဖြည်း တိုးနေသည်။ လက်ရှိတွင် နိုင်နင်းနေသော်လည်း မနိုင်မနင်း ဖြစ်လျှင် အခက်အခဲ ကြီးကြီးမားမား ကြုံတွေ့လာနိုင်သည်။ ထို့ကြောင့် ရောဂါကူးစက်မှု ထပ်တိုးမလာအောင် ပြည်သူလူထုအနေဖြင့် စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်တို့ကို လေးစားလိုက်နာဖို့ လိုမည်ဖြစ်သည်။ ။

 

ရောဂါပိုးသည် အစစ်ဆေးခံနေသူများကြားတွင်သာရှိနေသည် မဟုတ်၊ လူထုကြားတွင်လည်း ရှိနိုင်သည်ကို သတိချပ်ရမည်ဖြစ်သည်။ ရောဂါရှိသူမှာ မည်သူမှန်းမသိ၊ မိမိတွင်လည်း ရောဂါရှိမှန်းမသိဖြင့် လူအချင်းချင်း ထိတွေ့ဆက်ဆံမိရာမှ ရောဂါဖြစ်ပွားသူ အမြောက်အမြား မဖြစ်လာစေရန် အထူးသတိထားရမည်ဖြစ်သည်။ သတိပြုရမည်မှာ မိမိပတ်ဝန်းကျင်တွင် ရောဂါပိုးရှိသူမရှိဟု မထင်လိုက်ပါနှင့်ဟု ဆိုချင်သည်။ အဓိကမှာ အကြိမ်ကြိမ်အထပ်ထပ် ညွှန်ကြားထားပြီးသားဖြစ်သည့် တစ်ဦး နှင့်တစ်ဦး ခပ်ဝေးဝေးနေရန်၊ နှာခေါင်းစည်းတပ်ရန်၊ လက်ဆေးရန်ဟူသည့် အချက်သုံးချက်သာဖြစ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ရောဂါဘေးကြောင့် ပြည်သူလူထု ဒုက္ခအခက်အခဲ အပေါင်းကို နိုင်ငံတော်အစိုးရနှင့်အတူ အားလုံးက နားလည်စာနာကြပါသည်။ အဓိကမှာ ရောဂါကပ်ဘေး ကျော်လွှားရေးဖြစ်၍ ပြည်သူလည်း အခက်အခဲ မရှိ၊ တိုင်းပြည်လည်း ဝန်ထုပ်မပိသည့် အလုပ်အကိုင်မပျက် စည်းကမ်း လိုက်နာရမည့်အချက်များကို တိတိကျကျ လိုက်နာခြင်းသည်သာ အကောင်းဆုံးဖြစ်ပါကြောင်း။ ။

 

ကြေးမုံ