လူတို့၏သဘာဝအရ အလုပ်အကိုင်အဆင်ပြေပါက တက်ကြွရွှင်လန်း နေတတ်သည်။ အလုပ်အကိုင် အဆင်မပြေပါက စိတ်လက်မကြည်သာ ဖြစ်တတ်သည်။ မသင့်သော အလုပ်အကိုင် လုပ်ကိုင်မိသောကြောင့် အန္တရာယ်ဖြစ်သောသူ အချို့လည်းရှိသည်။ ထို့ကြောင့် အလုပ်အကိုင်သည် လူတစ်ဦးချင်းအတွက် သာမက နိုင်ငံအတွက်ပါ အရေးကြီးသောကိစ္စဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်း ကောင်းခြင်း၊ မကောင်းခြင်းမှာ နိုင်ငံ၏အနေအထားပေါ်တွင် မူတည်ပေသည်။ အလုပ်အကိုင်အခွင့်အလမ်းမှာ စီးပွားရေးနှင့် အဓိကသက်ဆိုင်သော်လည်း နိုင်ငံရေးနှင့်လည်းမကင်းပေ။ အစိုးရတစ်ရပ်သည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက်တာဝန်ရှိပြီး နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်းရန်အတွက် ဦးစားပေးဆောင်ရွက်ကြသည်။ နိုင်ငံကို ဈေးကွက်စီးပွားရေး ဆောင်ရွက်ရာ၌ အလုပ်အကိုင် အခွင့်အလမ်းများကို အစိုးရသာမက ပုဂ္ဂလိကကဏ္ဍမှလည်း ဖန်တီးပေးသည်။
အမှန်တကယ်တွင် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများ များစွာ ရှိသော်လည်း လုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။ ရေ၊ မြေ၊ သဘာဝအရင်းအမြစ်များ ပေါများသော်လည်း စိုက်ပျိုးထုတ်ကုန်များအား အပြည့်အဝ ထုတ်လုပ်နိုင်ခြင်းမရှိပေ။ နိုင်ငံအနှံ့အပြားတွင် တစ်သီးသာ စိုက်ပျိုးပြီး တလင်းမြေများဖြစ်နေသည်ကို တွေ့ရသည်။ အချို့ဒေသများတွင် မည်သည့်အပင်မျှ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ မြေလွတ်မြေလပ်သဖွယ် ဖြစ်နေသည်ကို တွေ့ရသည်။ တွက်ခြေ မကိုက်သဖြင့် မည်သူမျှလည်း အကြောင်းရင်း မရှာကြပေ။ လူတို့သည် အသိဉာဏ်ဖြင့် မွေးဖွားလာကြသူများဖြစ်၍ ရေမရှိသောနေရာတွင် ရေရအောင်၊ သစ်ပင်စိုက်၍ မရသောနေရာတွင် သစ်ပင်စိုက်၍ ရအောင် ကြိုးပမ်းကြံစည်နိုင်သည်ကို အခြားနိုင်ငံများတွင် တွေ့နိုင်ပါသည်။
ထို့ကြောင့် စိုက်၍ပျိုး၍ မရနိုင်သောနေရာတွင် စိုက်၍ပျိုး၍ ရနိုင်ရေး၊ ရေမရှိသောနေရာတွင် ရေရရှိရေး၊ တစ်သီးစား စိုက်ပျိုးသောနေရာတွင် နှစ်သီး၊ သုံးသီး စိုက်ပျိုးနိုင်ရေးတို့ကို ကြံစည်အားထုတ် ကြိုးပမ်းကြမည်ဆိုလျှင် စိုက်ပျိုး ထုတ်ကုန်များ တိုးတက်မြင့်မားလာပြီး အလုပ်အကိုင်များအဆင်ပြေကာ စီးပွားရေး ကောင်းမွန်လာမည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က စိုက်ပျိုးထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေးကို မကြာခဏလမ်းညွှန် ပြောကြားလျက်ရှိပြီး လိုအပ်သည်များကို အဘက်ဘက်က ကူညီဆောင်ရွက်ပေးနေချိန်တွင် အလုပ်အကိုင်များ ဖန်တီးကြမည့်သူများအနေဖြင့် ရေလား၊ မြေလား၊ နည်းပညာလား၊ အရင်းအနှီးလား စသည့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ပေသည်။
ကနဦးတွင် စိုက်နိုင်ပျိုးနိုင်သောမြေ၊ သုံးနိုင်စွဲနိုင်သောရေ မဖြစ်သောနေရာများအား အပင်ပန်းခံ မစဉ်းစားသေးဘဲ စိုက်နိုင်ပျိုးနိုင်သောမြေ၊ သုံးနိုင်စွဲနိုင်သော ရေရှိသောနေရာတွင် စိုက်ခြင်း ပျိုးခြင်းမရှိသော ကိစ္စများကို ကွင်းဆင်းအဖြေရှာ၍ စိုက်နိုင်ပျိုးနိုင်အောင် ဝိုင်းဝန်းပူးပေါင်း ကြံစည်အားထုတ်ကြလျှင် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းလာကာ ဒေသတွင်း လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာပြီးနောက် နိုင်ငံ့စီးပွားရေးပါ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ဥပမာအားဖြင့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံတွင် ရေမရှိသော ကျေးလက်ဒေသသို့ အစိုးရက အခြားတစ်နေရာမှ ရေရောက်အောင်ပို့ဆောင်ပေးပြီး ရေကိုစနစ်တကျ တန်ဖိုးရှိစွာသုံးစွဲနည်းဖြင့် နေအိမ်တိုင်း၊ မိသားစုတိုင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်သည့်စနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကျေးလက်ဒေသများ၏ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ပြီး ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံတွင် ရေမရှိသောဒေသများသို့ ရေရှိအောင်ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများရှိပါသည်။ ရှိပြီးသားရေကို စနစ်တကျသုံးစွဲရန်လည်းလိုပါသည်။ မြန်မာနိုင်ငံ၏မြေမှာ ပြောဖွယ်ဆိုဖွယ်မရှိပါ။ လက်တွေ့ အကောင်အထည်ဖော်ရန်သာ လိုအပ်ပါသည်။ အဓိကမှာ မဖြစ်မနေ လုပ်ကိုင်မည်ဆိုသည့် စိတ်ဆန္ဒ၊ မရရအောင် လုပ်ကိုင်မည်ဆိုသည့် ဇွဲသတ္တိ၊ မဖြစ်ဖြစ်အောင် ဖန်တီးမည်ဆိုသည့် တီထွင်ကြံဆမှုတို့ရှိပြီး အားလုံးပူးပေါင်းပါဝင် လက်တွဲဆောင်ရွက်ကြပါက လက်တွေ့အကောင်အထည်ပေါ် အောင်မြင်ဖြစ်ထွန်းလာမည်မှာ သေချာပါသည်။ သို့ဖြစ်ရာ လတ်တလော အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာရေးကို ကြံစည်ကြိုးပမ်းအားထုတ်ကြပြီး ပြည်သူများ ကိုယ်စိတ်နှစ်ပါးရွှင်လန်းလာအောင် ဝိုင်းဝန်းဆောင်ကြဉ်းကြရန် တိုက်တွန်းအပ်ပါကြောင်း။
ကြေးမုံ