အလုပ်အကိုင်တိုးတက်၊ စီးပွားရေးဖွံ့ဖြိုး

နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံတွင် အကြီးစားစီးပွားရေးလုပ်ငန်းများမှာ တစ်ရာခိုင်နှုန်းသာရှိပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ နိုင်ငံတစ်ဝန်းတွင် ပျံ့နှံ့ဖြစ်တည်လုပ်ကိုင်လျက်ရှိသည်။ ထိုသို့ အသေးစား၊ အလတ်စား ထုတ်ကုန်လုပ်ငန်းများ ဖြစ်တည်နေသော်လည်း နိုင်ငံအတွင်းရှိ ပြည်သူများ အများဆုံး အသုံးပြု နေသော ကုန်ပစ္စည်းများမှာ ပြည်ပသွင်းကုန် အသေးစား၊ အလတ်စား ကုန်ပစ္စည်းများသာဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။

 

ပြည်ပသွင်းကုန်များကို အစဉ်အဆက်အသုံးပြုကြသည့် အကြောင်းရင်းမှာ တန်ဖိုးမြင့်ကုန်ချောကို နိုင်ငံတကာအဆင့်မီသည့် ဖန်တီးမှုနည်းပညာဖြင့် ဈေးကွက်ဝင်အောင် ထုတ်လုပ်ထားသောကုန်ပစ္စည်းများကို သုံးစွဲသူများ နှစ်သက်သောကြောင့် ဖြစ်သည်။ တစ်နည်းဆိုလျှင် တန်ဖိုးနည်း ကုန်ကြမ်းကို တန်ဖိုးမြင့်အဆင့်မီသည့် ကုန်ချောအဖြစ် စနစ်တကျ ထုတ်လုပ်ထားသော ပစ္စည်းများကိုသာ အသုံးပြုကြသောကြောင့် ဖြစ်သည်။ ထိုကြောင့် ပြည်တွင်း၌ ပြည်ပကုန်ပစ္စည်း သုံးသူများပြားပြီး ပြည်တွင်း ထုတ်လုပ်မှု ကျယ်ကျယ်ပြန့်ပြန့် မရှိသဖြင့် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း၊ ကုန်ဈေးနှုန်းမြင့်မားခြင်းတို့နှင့် ကြုံတွေ့ကြရသည်။

 

မြန်မာနိုင်ငံသည် သဘာဝသယံဇာတနှင့် ကုန်ကြမ်းပစ္စည်းများ ပေါများြွကယ်ဝသော နိုင်ငံဖြစ်သည်။ သစ်သီးဝလံစားသောက်ကုန်များ၊ စိုက်ပျိုးသီးနှံကုန်ကြမ်းများ၊ တွင်းထွက်ကုန်ကြမ်းများ၊ ရေထွက်ပစ္စည်းများ စသည်ဖြင့် ကုန်ကြမ်းပစ္စည်းများ အမြောက်အမြားထွက်ရှိသည်။ အဆိုပါ ကုန်ကြမ်းများကို ပြည်တွင်း၌သာမက ပြည်ပသို့ပါ အဆင့်မြင့်ပြုပြင်စီစဉ် နိုင်မှုမရှိဘဲ တင်ပို့ရောင်းချနေကြသည်။ ထို့ကြောင့် ဈေးကွက်တန်ဖိုးနည်းပါး ပြီး ထုတ်လုပ်မှုအဆင့်မမီသဖြင့် ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ထွန်းဘဲ  စီးပွားရေးအတက်နှေးနေသည်။

 

လူသုံးကုန်ပစ္စည်းများကို နှစ်ပေါင်းများစွာ အိမ်နီးချင်းနိုင်ငံများကိုအားထားနေသရွေ့၊ ဝယ်ယူစားသုံးနေသရွေ့ ကုန်ဈေးနှုန်းကျဆင်းမည် မဟုတ်သလို အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်လာမည်မဟုတ်ချေ။ ထို့ကြောင့် ဒေသတွင်းမှ အလွယ်တကူရရှိနေသည့် ကုန်ကြမ်းပစ္စည်းများဖြင့် စားသုံးကုန်မှအစ လူသုံးကုန်ပစ္စည်းများကို ဖန်တီးထုတ်လုပ်နိုင်ရေးကို တွန်းအားပေးပြီး နိုင်ငံတကာဈေးကွက်ကို ယှဉ်ပြိုင်ထိုးဖောက်နိုင်သည့်အဆင့်အထိ ရောက်ရှိအောင် စီမံကိန်းချ၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

ယခုအခါ နိုင်ငံတော်က တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ ထွက်ရှိသည့် ကုန်ပစ္စည်းများပြပွဲနှင့် ပြိုင်ပွဲများကို အလှည့်ကျကျင်းပပေးပြီး ဆုပေးပွဲများ ကျင်းပပေးမည်ဟု သိရှိရသည်။ ယခုလ ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ မန္တလေးတိုင်းဒေသကြီးတွင် ပထမအကြိမ် ကျင်းပမည်ဖြစ်၍ အသေးစား၊ အလတ်စားလုပ်ငန်းရှင်များအတွက် ဝမ်းမြောက်ဖွယ်ဖြစ်သည်။

 

အဆိုပါလုပ်ငန်းများ၏ ထုတ်ကုန်အရည်အသွေးများကို အကဲဖြတ် လေ့လာခြင်း၊ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်နေမှုများကို ပြည်တွင်းမှ လုပ်ငန်းရှင်များအားလုံး သိရှိစေခြင်း၊ ကောင်းမွန်သည့်အချက်အလက်များနှင့် ဆန်းသစ်တီထွင်မှု စိတ်ကူးကောင်းများကို ဖော်ထုတ်လေ့လာနိုင်ခြင်း၊ အခြားဆက်စပ်ပတ်သက်သည့်လုပ်ငန်းများနှင့် ပေါင်းစပ်လုပ်ကိုင်နိုင်ခြင်း၊ ဒေသတွင်းနိုင်ငံများနှင့် ပေါင်းစပ်လုပ်ကိုင်နိုင်ပြီး နိုင်ငံတကာအဆင့်အထိ တက်လှမ်းနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်သည်။

 

နိုင်ငံတော်အစိုးရသည် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရန် မူဝါဒများချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ နည်းပညာလွှဲပြောင်းပေးရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံတကာအထိ ယှဉ်ပြိုင် ရပ်တည်နိုင်ရေးကိုပါ ကူညီအားပေးဆောင်ရွက်လျက်ရှိသည်။

 

သို့ဖြစ်ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားရေးအတွက် နိုင်ငံတော်က စဉ်ဆက်မပြတ် အားပေးကူညီမြှင့်တင်ပေးမှု နှင့်အတူ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များကလည်း နိုင်ငံတော်နှင့်အတူ ပူးပေါင်းလက်တွဲ၍ ကုန်ထုတ်လုပ်ငန်းများ တိုးတက် ထွန်းကားလာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ် ပါသည်။

 

(ကြေးမုံ)