မင်းဘူး ၂၂ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မန်းရေနံမြေမှ အာမခံအလုပ်သမားတစ်ဦးအား အလုပ်တွင်ထိခိုက် သေဆုံးမှုကြောင့် မြို့နယ်လူမှုဖူလုံရေးရုံးက ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ် ၉၉ သိန်း ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မန်းရေနံမြေ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မန်းရေနံမြေမှ အာမခံအလုပ်သမား ဦးသိန်းဇော်က မန်းရေနံမြေမှ သာကြီးတောင် ရေနံမြေသို့ မတ် ၁၁ ရက်က အလှည့်ကျတာဝန်ထမ်းဆောင်ရန် သွားရောက်စဉ် သာကြီးတောင်ရေနံမြေ အဝင်လမ်းတွင် ယာဉ်မတော်တဆမှုဖြင့် သေဆုံးခဲ့မှုအတွက် မင်းဘူးမြို့နယ် လူမှုဖူလုံရေးရုံးမှ နာရေးစရိတ် ငွေကျပ် ၉၇၈၁၂၀ တိတိကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ရာ ယခုအခါ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ၎င်း၏ဇနီးဖြစ်သူ ဒေါ်မြသွယ်ထံ ကျန်ရစ်သူအကျိုးခံစားခွင့်အဖြစ် ငွေကျပ် ၉၉ သိန်းတိတိကို ခွင့်ပြုထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သိရသည်။
အဆိုပါ ထုတ်ပေးမှုကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ဦးသိန်းဇော်သည် လူမှုဖူလုံရေး ထည့်ဝင်ကြေးပေးသွင်းရာတွင် (၇၁)လထည့်ဝင်ခဲ့ပြီးဖြစ်၍ ၎င်း လုပ်ခလစာ ၁၉၈၀၀၀ ၏ ပျမ်းမျှလုပ်ခ လစာအပေါ်မှတွက်ချက်ပြီး ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ငွေလုံးငွေရင်း အကျိုးခံစားခွင့် တစ်လုံးတစ်ခဲတည်းအဖြစ် ငွေကျပ် ၉၉ သိန်းနှင့် နာရေးစရိတ် ခွင့်ပြုငွေကျပ် ၉ သိန်းကျော်ပါအဝင် စုစုပေါင်း ငွေကျပ် ၁၀၈ သိန်းကျော်ကို ကျန်ရစ်သူ အကျိုးခံစားခွင့်အဖြစ် ထုတ်ပေးခြင်းဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အိအိသွယ်က ရှင်းပြသည်။
မောင်မောင် (မင်းဘူး)


