၁၈   ဇန်နဝါရီ

 

နှစ်နိုင်ငံတာဝန်ရှိပုဂ္ဂိုလ်တို့၏ ညှိနှိုင်းဆွေးနွေးမှုအရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေးကို စတင်ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။ နှစ်နိုင်ငံတာဝန်ရှိ ပုဂ္ဂိုလ်တို့၏ ညှိနှိုင်းဆွေးနွေးမှု ဖြစ်စဉ်ကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့၌ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးက ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မူဘောင်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤမူဘောင်အရ လက်မှတ်ရေးထိုးပြီး နှစ်လအတွင်း ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တို့ကို စတင် ဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

 

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့သော မူဘောင်သဘောတူညီချက်အရ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ နှစ်နိုင်ငံအဆင့်မြင့် အရာရှိများ အစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။ ဤအစည်းအဝေးက ပြန်လည်လက်ခံရာ၌ လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း (Term of Reference) ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုး ခဲ့ပါသည်။ အဆိုပါ လုပ်ထုံးလုပ်နည်းကို အခြေခံ၍ နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးမှုကြောင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့၌ မြေပြင်မှာ အမှန်တကယ် လက်ခံရေးဆိုင်ရာ အဆင့်များကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ သို့ဖြစ်ပါ၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့၌ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တို့ကို စတင်ဆောင်ရွက်နိုင်တော့မည် ဖြစ်ပါသည်။ ပထမအဆင့်အနေဖြင့် ဟိန္ဒူဘာသာဝင် ၅၀၈ ဦးနှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်ပြီး ပုဂ္ဂိုလ် ၇၀ဝ ကျော် လက်ခံရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

 

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာ၌ ကုန်းလမ်းမှ လာရောက်မည့် ပုဂ္ဂိုလ်တို့ကို တောင်ပြိုလက်ဝဲစခန်း၌ လက်ခံမည်ဖြစ်ပြီး  ရေကြောင်းမှ လာရောက်မည့် ပုဂ္ဂိုလ်တို့ကို ငါးခူရစခန်း၌ လက်ခံမည်ဖြစ်ပါသည်။ အဆိုပါ စခန်းနှစ်ခုမှ လက်ခံထားသည့် ပုဂ္ဂိုလ်တို့ကို လှဖိုးခေါင်စခန်း၌ နေရာချထားပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ လှဖိုးခေါင်စခန်း၌ အဆောက်အအုံများအပါအဝင် ကျေးရွာတို့ကို ဇန်နဝါရီလ ရက်နေ့မှစ၍ ဆောက်လုပ်နေပြီ ဖြစ်ပါသည်။ နှစ်နိုင်ငံ သဘောတူညီချက်အရ ပြန်လည်လက်ခံရေး ုလုပ်ငန်းတို့ကို တစ်ပတ်လျှင် ငါးရက်ဆောင်ရွက် သွားမည်ဖြစ်ပြီး စခန်းတစ်ခုလျှင် တစ်ရက် လူ ၁၅၀ လက်ခံ သွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စခန်းနှစ်ခုမှ တစ်ပတ်လျှင် လူ၁၅၀ဝ ကို စိစစ်လက်ခံသွားမည် ဖြစ်ပါသည်။

 

 

ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို နှစ်နိုင်ငံတာဝန်ရှိ ပုဂ္ဂိုလ်တို့က အကျေအလည် ညှိနှိုင်းဆွေးနွေးပြီးဖြစ်သော်လည်း အဆိုပါ လုပ်ငန်းစဉ်တို့ကို ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့တို့က ဖျက်ဆီးဟန့်တားရန် စီစဉ်ဆောင်ရွက်နေကြပြီ ဖြစ်ပါသည်။ နိုင်ငံတော်၏ တာဝန်ရှိ ပုဂ္ဂိုလ်တို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တာဝန်ရှိသူတို့ထံ ARSA အစွန်းရောက် အကြမ်းဖက်သမားတို့ကို ပြန်လည်လွှဲအပ်ပေးရန် နှစ်နိုင်ငံလက်မှတ်ရေးထိုးထားသော ၁၉၈၀ ပြည့်နှစ် နယ်နိမိတ်ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် နှင့်အညီ တောင်းဆိုထားပြီး ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ARSA အကြမ်းဖက်သမား ၁၀ဝဝ ကျော်၏ စာရင်းနှင့် အချက်အလက် ဓာတ်ပုံတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ ပေးအပ်ပြီး ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် နှစ်နိုင်ငံတပ်ဖွဲ့များ ပူးပေါင်းကင်းလှည့် ဆောင်ရွက်မှုများ ပြုလုပ်ရန် သဘောတူထားသကဲ့သို့ ဘင်္ဂလားဒေ့ရှ်မြေပေါ်၌  အကြမ်းဖက် သမားတို့ အခြေချနေထိုင်းခြင်း မရှိစေရန် တာဝန်ယူဆောင်ရွက်ရေးကိုလည်း ကတိပြုပြောကြားထားပြီး ဖြစ်ပါသည်။

 

 

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေးကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ကျယ်ကျယ်ပြန့်ပြန့် အကျေအလည် ညှိနှိုင်းသဘောတူပြီး ဖြစ်ပါသည်။ သို့သော် နိုင်ငံတကာ မျက်နှာစာရှိ တချို့သော မျက်မှန်စိမ်းတပ်ထားသူတို့က မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုတို့ကို မသိသကဲ့သို့ (သို့မဟုတ်) အားမလိုအားမရ သကဲ့သို့ ပြုမှုပြောဆိုနေကြခြင်းသည် ကယောင်ချောက်ချား လုပ်ရပ်တို့သာ ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

 

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)