ဘားအံ ဒီဇင်ဘာ ၆
ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ခဲ့ပြီး အယူခံဖြင့် အလုပ်ပြန်လည်ဝင်ရောက်လာသော ဆရာ ဆရာမ ၉၃ ဦးအား ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌တွေ့ဆုံ၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က “တပည့်သားသမီးများကို ဆရာ့ဝတ်ငါးပါးနှင့်အညီ ကြိုးစားသင်ကြားပေးကြဖို့လိုကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ဘဲ ပညာရေး၏ ရည်မှန်ချက်ပြည့်ဝအောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း” ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဆရာ ဆရာမ ၉၃ ဦးအား ထောက်ပံ့ငွေကျပ် ၁၈၆၀၀၀၀ ကို ထောက်ပံ့ပေးအပ်ပြီး ဆရာ ဆရာမများကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်ခဲ့ပြီး အယူခံဖြင့် အလုပ်ပြန်လည်ဝင်ရောက်လာသော ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။ ကရင်ပြည်နယ်အတွင်း အလုပ်ပြန်လည်ဝင်ရောက်သည့် ဆရာ ဆရာမ ၃၅၈ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)