နေပြည်တော် နိုဝင်ဘာ ၁၀

စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်ရှင်၊ အလုပ်သမားများ၏ အခက်အခဲများနှင့်ပတ် သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ညှိနှိုင်းအစည်အဝေးကို ယနေ့နံနက် ၁၀နာရီတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ကိုဗစ်-၁၉ ရောဂါနှင့် အခြားစိန်ခေါ်မှုများရှိသော်လည်း၊ စက်ရုံ၊ အလုပ်ရုံများ ပုံမှန်လည်ပတ် နိုင်ရေး၊ အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အလုပ်သမားများ လုပ်ခလစာ အချိန်မီရရှိနိုင်ရေး၊ အလုပ်သမားရေးရာအငြင်းပွားမှုများအား ဥပဒေနှင့်အညီ ဖြေရှင်းပေးနိုင်ရေးနှင့် လုပ်ငန်းခွင်များတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး သုံးပွင့်ဆိုင်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရခြင်းဖြစ်ကြောင်း။

စက်ရုံ၊ အလုပ်ရုံများပိတ်သိမ်းရပါက အလုပ်ရှင်နှင့် အလုပ်သမားများ၏ အကျိုးစီးပွားများ နစ်နာမည် ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအားပိုင်းဆိုင်ရာ ထိခိုက်နိုင်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထပ်ဆင့်အားနည်းစေနိုင်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက် ကောင်းမွန်စေရေးအတွက် အပြုသဘောဆောင်၍ ဥပဒေနှင့်အညီ စက်ရုံအတွင်း ငြိမ်းချမ်းစွာညှိနှိုင်း ဖြေရှင်းခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း။

စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ကြီး ဌာနများသို့ ကာကွယ်ဆေးထိုးနှံမည့် စီမံချက်ရေးဆွဲတင်ပြခဲ့ပြီး ပထမဦးစားပေးအနေဖြင့် အလုပ်သမား အင်အားအများဆုံးဖြစ်သည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးများအတွင်းရှိ စက်မှုဇုန်များမှ အလုပ်သမားများအား ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဩဂုတ် ၁၈ ရက်မှ စတင်၍ နိုဝင်ဘာ ၈ ရက်အထိ ပထမအကြိမ် ၇,၉၃၈ ဌာနမှ အလုပ်သမား ၅၄၂,၅၃၃ ဦး၊ ဒုတိယ အကြိမ် ၆,၁၁၂ ဌာနမှ အလုပ်သမား ၃၂၅,၉၅၈ ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး ဆက်လက်ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်များရှိ အလုပ်သမားများကိုလည်း ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း။

Online ဖြင့် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များအနေဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများ၏ အမှန်တကယ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြည့်ဆည်းပေးရန် လိုအပ်သည့်အချက်များကို ပွင့်ပွင့် လင်းလင်း အကောင်းဆုံးဆွေးနွေးအဖြေရှာပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား၊ သုံးပွင့်ဆိုင်ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ်က ဩဂုတ် ၃ ရက်တွင် ကျင်းပခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှု များကို ရှင်းလင်းဆွေးနွေး တင်ပြပြီး Online ဖြင့်တက်ရောက်ကြသော ခုံသမာဓိကောင်စီ အဖွဲ့ဝင်များ၊ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ၊ ညှိနှိုင်းဖျန် ဖြေရေး အဖွဲ့ဝင်များ၊ စက်မှုဇုန်အသီးသီးမှ ကိုယ်စားလှယ်များက လတ်တလောတွေ့ကြုံ ခံစားနေရသည့် လုပ်ငန်းဆိုင်ရာ အခက်အခဲများ၊ ဖြည့်ဆည်းပေးရန်လိုအပ်ချက်များကို အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများမှ ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ လက်တွဲကျော်ဖြတ်ရင်း နိုင်ငံထုတ်ကုန်စွမ်းအား မြင့်မားတိုးတက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)