နေပြည်တော် ၁၀ ဇန်နဝါရီ
အလုပ်ရှင်နှင့်အလုပ်သမားတို့အကြား အငြင်းပွားမှုများဖြစ်ပွားပါက ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် လိုအပ်မည့်စည်းမျဉ်းစည်းကမ်းများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အလုပ်ရှင်၊ အလုပ်သမားအကြား အငြင်းပွားမှုများဖြစ်ပွားပါက ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ဥပဒေပြ ဋ္ဌာန်းထားပါကြောင်း၊အငြင်းပွားမှုများဖြစ်ပွားပါက မြို့နယ်အဆင့်တွင် ဝန်ကြီးဌာန၏ မြို့နယ်အဆင့် တာဝန်ခံအရာရှိမှ အတွင်းရေးမှူးအဖြစ်ပါဝင်သော သက်ဆိုင်ရာညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များဖြင့် ဖြေရှင်း ပေးသည်သာမက အလုပ်သမားများက ဥပဒေပါရပိုင်ခွင့်ထက်ကျော်လွန်တောင်းဆိုခြင်း ကြောင့်ပြေငြိမ်းမှု မရနိုင်သည့် အငြင်းပွားမှုများကိုပါ အတတ်နိုင်ဆုံးပြေလည်မှုရရှိစေရေးအတွက် ညှိနှိုင်းဖျန်ဖြေဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
အလုပ်သမားများအနေဖြင့် right to strike လုပ်ဆောင်ခွင့်ရှိသော်လည်း သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် ညီညွတ်မှုရှိရန်လိုအပ်ပြီး စက်ရုံ ပြင်ပတွင် ဖြစ်ပွားသော သပိတ်စခန်း ဖွင့်လှစ်မှုများ၊ ဆန္ဒပြမှုများသည် အလုပ်သမားဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် သက်ဆိုင်ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း နှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းဆိုင်ရာဥပဒေအရ သာခွင့်ပြုဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ အလုပ်သမားများအနေဖြင့် ဆန္ဒပြ၊ သပိတ်မှောက်မည်ဆိုပါက အလုပ်သမားအဖွဲ့အစည်းဥပဒေအရ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ခွင့်ပြုချက်ဖြင့်သပိတ်မှောက်မည့် နေ့ရက်၊ နေရာ၊ ပါဝင်မည့်ဦးရေ၊ နည်းလမ်း နှင့်အချိန်ကာလတို့ကိုဖော်ပြ၍ သက်ဆိုင်ရာအလုပ်ရှင်နှင့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ထံသို့ ကြိုတင်အကြောင်းကြား၍သပိတ်မှောက်ခြင်းပြုလုပ်ရမည်ဖြစ်ပါကြောင်း၊
အလုပ်သမားရေးရာအငြင်းပွား မှုဖြေရှင်းရေးဥပဒေသည် သပိတ်မှောက်သည့် လမ်းကြောင်းပေါ် သို့ မရောက်ရှိစေရေးအတွက် ပြဋ္ဌာန်းထားသဖြင့် အငြင်းပွားမှုဖြစ်ပွားပါက ဥပဒေနှင့်အညီ ညှိနှိုင်းဖျန်ဖြေ ဆုံးဖြတ်ခြင်းကို ခံယူရမည်ဖြစ်ပြီးသက်ဆိုင်ရာခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကိုကျေနပ်မှု မရှိမှသာ သက်ဆိုင်ရာ ဥပဒေအရသပိတ်မှောက်ခြင်းပြုလုပ်ရမည်ဖြစ်ကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများ အနေ ဖြင့် တည်ဆဲအလုပ်သမားဥပဒေများကိုသိရှိလေးစားလိုက်နာရန် လိုအပ်သည့်အပြင် အလုပ်ရှင် များက ဥပဒေပါခံစားခွင့်များကိုမိမိတို့၏ အလုပ်သမားများအား အပြည့်အဝပေးရန် လိုအပ်သကဲ့သို့ အလုပ်သမား များအနေဖြင့်လည်း မိမိတို့၏ ရပိုင်ခွင့်များကိုဥပဒေနှင့်အညီ တင်ပြတောင်းခံရန် လိုအပ်ပါကြောင်း၊ ဆန္ဒပြမှုသပိတ်မှောက်မှုများဖြစ်ပွားလာပါက ကြန့်ကြာမှုမရှိစေဘဲ အချိန်မီ ဖြေရှင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများရရှိရန် အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ဖြစ်ပါကြောင်း ပြောကြားသည်။
ထိုနောက် အလုပ်ရှင်၊အလုပ်သမားများနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဖြေရှင်းဆောင်ရွက်ပေးနေမှုအခြေအနေများ၊ ယနေ့ဖြစ်ပွားနေသည့် ဥပဒေနှင့် မညီသောဆန္ဒပြမှု (Illegal Strike) ဆိုင်ရာများ၊၎င်းနှင့်စပ်လျဉ်း၍ ကြိုတင် ကာကွယ်ရမည့် နည်းလမ်း များနှင့်ဖြစ်ပွားလာပါကအချိန်မီဖြေရှင်းဆောင်ရွက်နိုင်ရေးတို့အတွက်သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရ ရှိသည်။
(သတင်းစဉ်)