နေပြည်တော် ၁၀ ဒီဇင်ဘာ 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (အလုပ်သမားရေးရာဆိုင်ရာ)နှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ဆက်စပ်လုပ်ကိုင်ရမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း။

ဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ခေတ်ကာလအရလိုအပ်သော အလုပ်သမားရေးရာဥပဒေများကို အသစ်ထပ်မံရေးဆွဲခြင်း၊ ပြင်ဆင်ရေးဆွဲခြင်း၊ ရုပ်သိမ်းခြင်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်လျက်ရှိပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ထုတ်ပြန်ထားသည့် အလုပ်သမားရေးရာဆိုင်ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလုပ်သမားရေးရာ ကိစ္စရပ်များကို အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများ၊ ပြည်တွင်း/ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေဆောင်ရွက်ပေးမှုအခြေအနေများ၊ လုပ်သားများကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ လုပ်သားအင်အားစာရင်း ကောက်ယူမှုဆောင်ရွက်နေသည့် အခြေအနေများ၊ အလုပ်သမားလျော်ကြေးငွေများရရှိ အောင်ဆောင်ရွက်ပေးမှု အခြေအနေများကို ဆောင်ရွက်လျက်ရှိပါကြောင်း။ 

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် လူမှုဖူလုံရေးရုံး (၁၄)ရုံး၊ မြို့နယ်ရုံး လူမှုဖူလုံရေးရုံးခွဲ (၇၈)ရုံး၊ အလုပ်သမားဆေးရုံကြီး (၃)ရုံ၊ ဆေးခန်း (၉၆)ခန်း၊ ဌာနကြီးဆေးခန်း (၅၆)ခန်း၊ လူမှုဖူလုံရေး-ကဲဝဲလ် ဆေးခန်း (၄)ခန်း၊ Provider Purchaser Split - PPS အရ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုသည့် ပုဂ္ဂလိကဆေးခန်း(၇)ခန်းတို့ဖြင့် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အာမခံအလုပ်သမားများ ဆေးကုသမှုနှင့် အာမခံအကျိုးခံစားခွင့်များ ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနအနေဖြင့် စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနများတွင် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးစည်းကြပ်မှုအခြေအနေများ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်နှင့် ကျန်းမာရေးစစ်ဆေး စည်းကြပ်မှုအခြေအနေများ၊ ခွင့်ရက်နှင့်အလုပ်ပိတ်ရက်၊ အချိန်ပိုခိုင်းစေခြင်းများကို စစ်ဆေးကြပ်မတ် ဆောင်ရွက်မှုများ၊ စည်းကမ်းလိုက်နာမှုမရှိသည့် အလုပ်ရှင်များအား တရားစွဲဆိုဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပြီး၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်/အလုပ်သမား အငြင်းပွားမှုကိစ္စရပ်များကို ဖြေရှင်းခြင်းနှင့် စက်ရုံများတွင် ပိတ်ဆို့ဆန္ဒပြမှုများကို ရှင်းလင်းဆောင်ရွက်ပေးလျက်ရှိပြီး တရားစွဲဆိုရသည့် အခြေအနေများကို ဆောင်ရွက်လျက်ရှိပါကြောင်း။

ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၏ အသေးစိတ်လုပ်ဆောင်မှုများအား တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ညွှန်ကြားရေးမှူးချုပ်များမှ ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ပြီး ရှင်းလင်းဆွေးနွေးချက်များမှ တိုင်းဒေသကြီး/ပြည်နယ်နှင့် ဆက်စပ်ဆောင်ရွက်ရမည့် လုပ်ငန်းများတွင်အဆင် ပြေချောမွေ့အောင်မြင်စေရန်အတွက် လိုအပ်သည်များ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် (အလုပ်သမားရေးရာဆိုင်ရာ) အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ဌာနအသီးသီးအလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာသည့် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သိရှိလိုသည်များအား မေးမြန်းခြင်းနှင့် လိုအပ်သည်များအား ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာအလုပ်သမားထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူစွမ်းအားအရင်းအမြစ်ဆိုင်ရာ မဟာဗျူဟာများနှင့် ဆက်စပ်၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ အနာဂတ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်