နေပြည်တော် ၂၇ ဖေဖော်ဝါရီ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ နည်းပညာအကူအညီပေးနေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ယမန်နေ့တွင် နေပြည်တော်ရှိ လူမှုဖူလုံရေးရုံးချုပ် အစည်းအဝေးခန်းမ၌ နှစ်ဖက်တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးကြသည်။

 

တွေ့ဆုံစဉ် လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် ILO ဒုတိယညွှန်ကြားရေးမှူးချုပ်တို့သည် လူမှုဖူလုံရေးလုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် ILO နှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် လိုအပ်သော နည်းပညာအကူအညီများကို ဆွေးနွေးကြသည်။

 

လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ စတင်ကျင့်သုံးအကောင်အထည်ဖော်သည့် ၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်တွင် အာမခံအလုပ်သမား (၇)သိန်းခန့်ရှိရာမှ ယခုအခါ အာမခံအလုပ်သမား ၁၄၆၇၈၂၄ ဦး တိုးတက်လာခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားများ၏ ကျန်းမာရေးဝန်ဆောင်မှုနှင့် ဥပဒေပါ ငွေကြေးအကျိုးခံစားခွင့်များ လွယ်ကူလျင်မြန်စွာ ပေးနိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုများကို ILO ၏ နည်းပညာအကူအညီကို ရယူဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍတွင် ILO - Korea Project ၊ ကျန်းမာရေးဝန်ဆောင်မှုပေးသည့် ကဏ္ဍတွင် ILO - Luxembourg Project ၊ စီမံခန့်ခွဲမှုကဏ္ဍတွင် ILO - Vision Zero Fund Project ၊ ဥပဒေရေးရာကဏ္ဍတွင် ILO - Labour Law Reform Project တို့ဖြင့် တစ်ပြိုင်နက်တည်း ဆောင်ရွက်လျက်ရှိသည့်အပြင် လူမှုဖူလုံရေးအဖွဲ့၏ ထည့်ဝင်ကြေးပေးသွင်းခြင်းနှင့် အကျိုးခံစားခွင့်ထုတ်ပေးခြင်း လုပ်ငန်းစဉ်များကို e - Services လုပ်ငန်းများဖြင့် အကောင်အထည်ဖော်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သန့်ဇော်