နေပြည်တော် ၂၆ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှု နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် က ဝန်ကြီးဌာနအနေဖြင့် အလုပ်သမားရေးရာဆိုင်ရာ လုပ်ငန်းများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်းများဟူ၍ နှစ်ပိုင်းခွဲခြား ဆောင်ရွက်လျက်ရှိပါကြောင်း။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းအလုပ်အကိုင်အတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများမှ ၁၄၇၄၇၁၁ ဦးကို အလုပ်သမား မှတ်ပုံတင်ပြု လုပ်ပေးခဲ့ပြီး ၃၃၄၈၄၂ ဦးကို ပြည်တွင်းအလုပ်အကိုင်ရရှိအောင် ချိတ်ဆက် ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ပြည်ပအလုပ်အကိုင်အတွက် အလုပ်သမား ၃၃၄၃၀၄ ဦးကို ပြည်ပနိုင်ငံ (၉) နိုင်ငံသို့ စေလွှတ်နိုင်ခဲ့ပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မှု ရရှိစေရန် ရည်ရွယ်လျက် ပြည်တွင်းပြည်ပ ကုမ္ပဏီများပူးပေါင်း၍ မြို့နယ် ၈ မြို့နယ်တွင် အလုပ်အကိုင် အခွင့်အလမ်းပြပွဲများ စုစုပေါင်း (၁၀) ကြိမ်ကျင်းပခဲ့ပြီး အလုပ်သမား ၂၄၀၂ ဦးကို အလုပ် အကိုင်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါကြောင်း။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ဆောင်ရွက်ခြင်းအနေဖြင့် ၂၀၁၃ ခုနှစ် အနည်းဆုံး အခကြေးငွေဥပဒေအရ အနည်းဆုံးအခကြေးငွေနှုန်းထားကို နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အခါအားလျော်စွာ ပြင်ဆင်ခြင်း၊ ဆက်လက်အတည်ပြုခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟု ပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ ၂၀၁၈ ခုနှစ် မေလ ၁၄ ရက်တွင် အလုပ်သမား ၁၀ ဦးနှင့် အထက်ရှိသည့် လုပ်ငန်းများတွင် တစ်နာရီလျှင် ငွေကျပ် ၆၀၀ နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) အတွက် ငွေကျပ် ၄၈၀၀ သတ်မှတ်ခဲ့ပါကြောင်း။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အာဆီယံအလုပ်သမားရေးရာကိစ္စရပ်များ အနေဖြင့် ၂၀၂၀ ပြည့်နှစ် မေလ ၁၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် မလေးရှားနိုင်ငံ လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနမှ Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အလုပ်သမားနှင့် အလုပ်အကိုင်အပေါ် Coronavirus Disease 2019 (COVID-19) ရောဂါ သက်ရောက်မှုများကို တုန့်ပြန်ရန် အာဆီယံအလုပ်သမားဝန်ကြီးများအဆင့် အထူးအစည်း အဝေးကို ပါဝင်တက်ရောက်ခဲ့ပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် စတုတ္ထ (၁) နှစ်တာကာလအတွင်း အလုပ်ဌာန ၃၅၀၆၀ နှင့် အကျုံးဝင်အာမခံအလုပ်သမား ၁၄၉၅၆၀၈ ဦးရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအနေဖြင့် ယခုစတုတ္ထ (၁) နှစ်တာကာလအတွင်း အာမခံအလုပ်သမား ၁၂၇၀၂၆၅ ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ပါကြောင်း၊ လူမှုဖူလုံရေး ဆေးရုံ၊ ဆေးခန်းပေါင်း ၁၇၃ အထိ ဖွင့်လှစ်ထား ရှိပြီးဖြစ်ပါကြောင်း၊ အရေးပေါ်ကုသရေးအတွက် ရွေ့လျားဆေးကုသရေးယာဉ် ၂ စီးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။
လူမှုဖူလုံရေးအကျုံးဝင်နယ်မြေကို တိုးချဲ့ရန်ဆောင်ရွက်ရာတွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ် (၂၁) မြို့နယ်အား ထပ်မံတိုးချဲ့အကျုံးဝင် သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံ စားခွင့် ၄၀ ရာခိုင်နှုန်း စိစစ်ခွင့်ပြုရေးဘုတ်အဖွဲ့မှ စိစစ်ခွင့်ပြုပြီးသည့် စက်ရုံ/ အလုပ်ရုံ/ အလုပ်ဌာန ၂၇၆၄ ဌာနနှင့် လုပ်သားဦးရေ ၅၂၀၅၀၁ ဦးရေရှိပြီး ထုတ်ပေး ငွေပေါင်း ငွေကျပ်သန်း ၁၀၇၃၉ ဒသမ ၇၀၃ သန်း ခွင့်ပြုထုတ်ပေးခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့မှ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ မတည်ထည့်ဝင်ငွေ ငွေကျပ် ဘီလီယံ ၅၀ ထည့်ဝင်ခဲ့ပါကြောင်း။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ ဆောင်ရွက်မှုများအနေဖြင့် မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးအစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော မြန်မာနိုင်ငံကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းထားပြီး အစည်းအဝေး (၃) ကြိမ် ကျင်းပခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အား တိုင်းဒေသကြီး/ ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် ဦးစားပေးစီမံချက် နယ်မြေအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
၂၀၁၉ ခုနှစ်အတွင်း ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေအစီရင်ခံစာကို အစိုးရအဖွဲ့သို့ တင်ပြနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ကလေးများအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော လုပ်ငန်းအမျိုး အစားများနှင့် လုပ်ငန်းခွင် များစာရင်း(မူကြမ်း) ရေးဆွဲကာလုပ်ထုံးလုပ်နည်းနှင့်အညီ အတည်ပြုပြဌာန်းနိုင်ရေး ဆက် လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်ထိ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ (၇၁) ဖွဲ့စည်းထား ပြီး လက်ရှိအချိန်အထိ ကော်မတီ ၁၂၄၆ ခု ဖွဲ့စည်းပြီးဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ကာလအတွင်း တိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်ဌာနများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်ဖြင့် စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၃ ရက်အထိ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့် အလုပ်ဌာနပေါင်း ၁၆၅၁၀ ကို စစ်ဆေးရေးအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးနိုင်ခဲ့ပါကြောင်း။
အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ရာတွင် အခြေခံကျသည့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)ကို အလုပ်သမားဦးရေ ၃၀ ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ၂၃၃၄ ဖွဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်ပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် စတုတ္ထ (၁)နှစ်တာကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှုများအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ပေးချက်အရ ဝန်ကြီးဌာန က ပြည်ဝင်ဗီဇာဆိုင်ရာ Focal Ministry အဖြစ် တာဝန်ခံ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ဝင် ဗီဇာ(၁၄)မျိုးကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတာဝန်ယူ၍ ပြည်ပနိုင်ငံများရှိ မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးများမှ ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ဆိုက်ရောက်ဗီဇာနှင့် e-Visa စနစ်ကို ဆောင်ရွက်ခွင့်ပြုပေးလျက်ရှိပါကြောင်း။
ပြည်ဝင်/ ပြည်ထွက် ခွင့်ပြုမှုအနေဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ် ၃ ခုကို ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း ၁ ခုကို ရန်ကုန်တွင် လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာနယ်စပ်ဝင်/ထွက်ပေါက် ၆ ခုကို တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ ထီးခီး၊ တမူး၊ ရိခေါဒါရ် တို့တွင်ဖွင့်လှစ်ထားရှိပါ ကြောင်း၊ မြန်မာ - လာအို နယ်စပ် ကျိုင်းလပ် - စီအင်ကောက် နယ်စပ်ဂိတ်ကို အပြည်ပြည် ဆိုင်ရာနယ်စပ် ဝင်/ထွက် ပေါက်အဖြစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေး နှစ်နိုင်ငံညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း။
ဆိုက်ရောက် ခွင့်ပြုဗီဇာအနေဖြင့် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ နိုင်ငံခြားသားများအား လုပ်ငန်း ဗီဇာ၊ အလုပ်ရုံ/ ဆွေးနွေးပွဲ/ အစည်းအဝေး/ သုတေသနဗီဇာ၊ ဖြတ်သန်းဗီဇာနှင့် ယာဉ်အမှုထမ်းဗီဇာစသည့် ဗီဇာ ၄ မျိုးတို့ကို ခွင့်ပြုခဲ့ပါကြောင်း၊ ထို့ပြင် ၁၃ နိုင်ငံမှ ကမ္ဘာ လှည့်ခရီးသည်များအား ထပ်မံခွင့်ပြုခဲ့ပါကြောင်း၊ စတုတ္ထ (၁)နှစ်တာကာလအတွင်း VOA ဖြင့် ခွင့်ပြုဦးရေသည် ၄၉၇၈၉၃ ရှိပါကြောင်း၊ e-Visa (Tourist) အနေဖြင့် ၂၀၁၄ ခုနှစ် ဩဂုတ်လ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံ ၁၀၀ ခွင့်ပြုခဲ့ပါကြောင်း၊ e-Visa (Business) အနေ ဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်မှ စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံပေါင်း ၅၅ နိုင်ငံ ခွင့်ပြုခဲ့ပါကြောင်း၊ ၂၄ နာရီအတွင်း ခွင့်ပြုသည့် Express e-Visa (Tourist) အား ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စတုတ္ထ (၁)နှစ်တာကာလအတွင်း e-Visa ဖြင့် ခွင့်ပြုဦးရေ ၅၂၉၇၇၈ ဦး ရှိပါကြောင်း။
ထို့အတူ သံတမန်နိုင်ငံကူးနှင့် အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများကို မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံနှင့် အပြန်အလှန်ဗီဇာ ကင်းလွတ်ခွင့် စာချုပ်ချုပ်ဆို ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစ္စရေးနိုင်ငံနှင့် စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး ဒုတိယမြောက်စာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၉၀) ပြည့်မြောက်သည့်နေ့တွင် စတင်သက်ဝင်မည် ဖြစ်ပါကြောင်း။
သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအနေဖြင့် မလေးရှားနိုင်ငံမှအပ ကျန် အာဆီယံ (၈) နိုင်ငံ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် တရုတ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟောင် ကောင်၊ မကာအိုမှ ကမ္ဘာလှည့် ခရီးသွားများအားထပ်မံခွင့်ပြုခဲ့ပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် အမည်မည်းစာရင်း (Black List) စာရင်းရေးသွင်းထား သူများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သစ္စာစီမံချက်ဖြင့် ဖြေလျော့မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
နိုင်ငံတကာမှ လာရောက်မည့် ခရီးသည်ဆိုင်ရာ အချက်အလက်များကို ကြိုတင် စစ်ဆေးနိုင်သည့်စနစ် MAPPS (Myanmar Advanced Passenger Processing System) ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၁၈ ခုနှစ်မှစတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသော မြန်မာနိုင်ငံသားဟောင်းများအား မြန်မာနိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုခြင်းကို ၂၀၁၂ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့ထိ လျှောက်ထားသူ ၄၈၉ ဦးရှိပြီး ၃၀၆ ဦးခွင့်ပြုခဲ့ပါကြောင်း။
မြန်မာနိုင်ငံတွင် ကာလရှည်ကြာစွာ လာရောက်နေထိုင် ရင်းနှီးမြှုပ်နှံလိုသူများ၊ ကျွမ်း ကျင်ပညာရှင်များ၊ မြန်မာနိုင်ငံသားဟောင်းများနှင့် နိုင်ငံသားနှင့် သွေးချင်းတော် စပ်သူ နိုင်ငံခြားသားများအား PR စနစ်ဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွ က်ခဲ့ပြီး ယနေ့အထိ လျှောက်ထားသူ ၆၈၆ ဦးရှိပြီး ၆၁၇ ဦး ခွင့်ပြုခဲ့ပါကြောင်း။
ရခိုင်ပြည်နယ်မှ ထွက်ပြေးတိမ်းရှောင်သွားသူများကို ပြန်လည်လက်ခံရေးအနေဖြင့် ပြန်လည်လက်ခံရေးစခန်း ၂ ခုဖွင့်လှစ်ထားပါကြောင်း၊ ကုန်းလမ်းမှ ပြန်လည်ဝင်ရောက် လာသူများကို လက်ခံရန်အတွက် တောင်ပြိုလက်ဝဲတွင်လည်းကောင်း၊ ရေလမ်းမှ ပြန်လည် ဝင်ရောက်လာသူများကိုလက်ခံရန်အတွက် ငါးခူရတွင်လည်းကောင်း ဖွင့်လှစ် ထားပါကြောင်း၊ ပြန်လည်လက်ခံရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေး ထိုးထားသော်လည်း တစ်ဖက်နိုင်ငံမှ ပြန်လည်စေလွှတ်ခြင်း မရှိသေးသည့်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် UNDP, UNHCR တို့သည် ၂၀၁၈ ခုနှစ် ဇွန်လ ၆ ရက်တွင် နားလည်မှုစာချွန်လွှာ တစ်ကြိမ်လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇွန်လ ၆ ရက်မှ ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်အထိ ဒုတိယအကြိမ် တစ်နှစ်သက်တမ်းတိုးဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနသည် စတုတ္ထ (၁)နှစ်တာကာလ အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးမှု စုစုပေါင်း ၂၆၈၃၂၀၀ ဆောင်ရွက်နိုင်ခဲ့ ပါကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူများအိမ်ထောင်စု ၈၁၀၃၂ စုကို အိမ်ထောင်စုကတ်ပြား များ ထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ၂၅၄၇ ကတ် ထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများကို သက်ဆိုင်ရာကျောင်းများသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ ၂၀၁၅၈၁ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်မှ လုပ်သားများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ၉၂၀၅ ကတ်ထုတ်ပေးနိုင်ခဲ့ပါကြောင်း။
စတုတ္ထ (၁)နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွင်းနေထိုင်သူများအနက် နိုင်ငံသား စိစစ်မှုခံယူရန် လိုအပ်သူများအား NV Card ထုတ်ပေးမှု စုစုပေါင်း ၂၃၃၄၅ ဦးကို ဆောင်ရွက် ပေးနိုင်ခဲ့ပါကြောင်း၊ ရဟန်းအပါး ၈၈၈၀ ၊ သာမဏေ ၄၁၁၇ ပါးနှင့် သီလရှင် ၁၆၈၆ ပါး စုစုပေါင်း ၁၄၆၈၃ ပါးကို ထုတ်ပေးနိုင်ခဲ့ပါကြောင်း။
e-ID စနစ်လုပ်ငန်းကော်မတီကို ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော အဖွဲ့ဝင် (၂၄) ဦးဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဩစတြီးယားနိုင်ငံ အစိုးရ၏ အတိုးမဲ့ ချေးငွေ အကူအညီရယူရေးအား ပြည်ထောင်စုလွှတ်တော်မှ ၂၀၂၀ ပြည့်နှစ် မေလ ၂၉ ရက် တွင် အတည်ပြုပြီးဖြစ်ပါကြောင်း၊ e-ID စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ဩစတြီးယားနိုင်ငံ OesD ကုမ္ပဏီတို့ကြား လုပ်ငန်းဆိုင်ရာ သဘောတူ စာချုပ်ချုပ်ဆို နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ဩစတြီးယားနိုင်ငံ OesD ၏ စီမံကိန်းအဆိုပြုလွှာအရ e-ID စနစ် စီမံကိန်းကို (၂)နှစ်တာကာလအတွင်း အဆင့်(၃) ဆင့်ဖြင့် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြည်သူ့အင်အားဦးစီးဌာနသည် ၂၀၁၉ ခုနှစ်တွင် ကြားဖြတ်လူဦးရေ သန်းခေါင် စာရင်း ကောက်ယူခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိနှင့် အနာဂတ် လူဦးရေ လူမှုစီးပွားဆိုင်ရာ စာရင်း အချက်အလက်များကို အနီးစပ်ဆုံးမှန်ကန်စွာ ခန့်မှန်းနိုင်ရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံဖြိုးတိုးတက်မှုစီမံကိန်းကို အကောင်အထည် ဖော်ရာတွင် လိုအပ်သည့် အညွှန်းကိန်းများရရှိနိုင်ရေးကို အထောက် အပံ့ဖြစ်စေရန်၊ ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းအတွက် ကြိုတင်လေ့လာပြင်ဆင်ခြင်း ဖြစ်ပါကြောင်း။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် စတုတ္ထ (၁)နှစ်တာကာလအတွင်း အလုပ်သမားရေးရာဆိုင်ရာကိစ္စရပ်များနှင့် လူဝင်မှုကြီးကြပ် ရေး၊ ပြည်သူ့အင်အားဆိုင်ရာကိစ္စရပ်များတွင် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းများကို ပြည်သူများအတွက် ဖြေလျော့မှုနည်းလမ်းများနှင့် စီမံချက်များရေးဆွဲချမှတ်ကာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ လာမည့်ကာလများတွင် ယခုထက်ပိုမို တိုးတက်စေရန် ပြည်သူနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက ကိုဗစ်-၁၉ ကာလအတွင်း အလုပ်လက်မဲ့တိုးပွားမှုကို ကုစားနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် အစီအမံများ ရေးဆွဲဆောင်ရွက်နေမှု အခြေအနေနှင့် စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် က ကိုဗစ်ကာလတွင် ပြည်ပမှ ပြန်လည် ဝင်ရောက်လာသည့် အလုပ်သမားမှာ တစ်သိန်းကျော် ရှိပါကြောင်း၊ ပြည်တွင်း၌ ပိတ်သိမ်းသွားရသည့် စက်ရုံအလုပ်ရုံ အကြီးအသေး စုစုပေါင်း ၅၆၅၈ ရုံရှိပြီး ထိုသို့ ပိတ်သိမ်းသွားရသည့်အတွက် အလုပ်လက်မဲ့ ဦးရေမှာ ၁၄၀၀၀၀ ကျော် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပမှ ပြန်လည်ဝင်ရောက်သူနှင့် ပြည်တွင်း၌ ပိတ်သိမ်းသွား သည့် စက်ရုံအလုပ်ရုံများမှ အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမားစုစုပေါင်းမှာ ၂၄၀၀၀၀ ကျော်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာမြို့နယ်များတွင် အလုပ်သမားမှတ်ပုံတင်ရုံးများရှိပါကြောင်း၊ ပြန်လာသည့် အလုပ်သမားများကို သက်ဆိုင်ရာနယ်မြေရှိ အလုပ်သမားမှတ်ပုံတင်ရုံးတွင် စာရင်းသွင်း ထားပါကြောင်း၊ ပြန်ဝင်လာသည့်အချိန်တွင် ၎င်းတို့၏ ကျွမ်းကျင်မှုစကေးကိုလည်း ကောက် ယူထားပါ ကြောင်း၊ နိုင်ငံခြားတွင် သွားရောက်လုပ်ကိုင်နေသည့် အလုပ်သမားများသည် ကျွမ်းကျင်မှု ပိုမိုမြင့်မားပါကြောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားဆဲကာလမှာပင် အလုပ်ရုံစက်ရုံများ သတ်မှတ်စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်နေခြင်းများရှိပါကြောင်း၊ ကျွမ်းကျင်သည့် အလုပ်သမားများကို သက်ဆိုင်ရာကုမ္ပဏီများ၌ အလုပ်ရရှိရန် ဝန်ကြီးဌာနနှင့် ကုမ္ပဏီများ ဆက်သွယ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။
တချို့ဝန်ကြီးဌာနများတွင်လည်း အင်အားဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းကြီးများရှိပြီး ယင်းလုပ်ငန်းများတွင်လည်း အလုပ်လက်မဲ့အလုပ်သမားများ ပါဝင်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခြားနိုင်ငံများအနေဖြင့်လည်း တချို့အလုပ်သမားများကို ပြန်လည်ခေါ်ယူနေပြီဖြစ်ပါကြောင်း၊ ထိုသို့ ပြန်လည်ခေါ်ယူသော် လည်းလေကြောင်း လိုင်းအခက်အခဲကြောင့် ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေရသည့် အနေအထားဖြစ်ပါကြောင်း၊ ပြည်တွင်း၌ ပြန်လာသူများ၏ ကျွမ်းကျင်မှုများကို မှတ်တမ်းတင်ထားပြီး အလုပ်အကိုင်ပြပွဲများတွင် လိုအပ်နေသည့်ကုမ္ပဏီများနှင့် ညှိနှိုင်း၍ အလုပ်အကိုင်ရရှိရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်ပ အလုပ်သမား တောင်းခံလာသည့် နေရာများကို လေကြောင်းလိုင်း အဆင်ပြေမှုအပေါ် မူတည်၍ စေလွှတ်ရန် စီစဉ်နေပါကြောင်း၊ ထိုင်းနိုင်ငံကဲ့သို့ ပြန်မလွှတ်ဘဲ ဗီဇာသက်တမ်းတိုးပေးရန် တောင်းဆိုမှုများရှိပါက ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ နည်းမျိုးစုံဖြင့် အလုပ်လက်မဲ့ပပျောက်စေရန်နှင့် အလုပ်ပြန်လည်ရရှိရန် ဆောင်ရွက် နေပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ သတင်းမီဒီယာများက အခြားနိုင်ငံများ၌ တရားဝင်သွားရောက် အလုပ် လုပ်ကိုင်ပြီး ကိုဗစ်-၁၉ ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသူဦးရေနှင့် ထိုသို့ အလုပ်သမားများ ပြန်လည်ဝင်ရောက်လာကြသည့်အတွက် နိုင်ငံ့ဝင်ငွေလျော့ကျမှု ပမာဏ၊ အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများ မဲပေးခွင့်မဆုံးရှုံးစေရန် ဆောင်ရွက် ပေးနေမှုအခြေအနေ၊ အခြားနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားအလုပ်သမားများ ပြန်လည်ဝင်ရောက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်နေမှု အခြေအနေ၊ ကိုဗစ်-၁၉ ကာလတွင် ပိတ်သိမ်းသွားသည့် စက်ရုံအလုပ်ရုံအရေအတွက်နှင့် အလုပ်လက်မဲ့ အလုပ်သမားဦးရေ၊ စက်ရုံများ ပိတ်သိမ်းရာတွင် နစ်နာမှုအတွက် လျော်ကြေးမရရှိ၍ တောင်းဆိုမှုများနှင့် တရားစွဲဆိုမှုအခြေအနေ၊ အလုပ်သမားများအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက် ပေးသွားမည့် အခြေအနေ၊ အနည်းဆုံး လုပ်ခလစာသတ်မှတ်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ၊ ပြည်ပနိုင်ငံများသို့ လုပ်သားစေလွှတ်ခြင်းများ ပြန်လည်ဖွင့်လှစ်မည့် အချိန်ကာလ၊ ပထမဆုံး စတင်စေလွှတ်မည့် နိုင်ငံနှင့် စေလွှတ်မည့်ပုံစံနှင့် အလုပ်သမားများ ကိုဗစ်အာမခံကိစ္စ ဆောင်ရွက်နေမှုအခြေအနေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသူများကို စိစစ်ဆောင်ရွက်နေမှု အခြေ အနေ၊ အခြားနယ်စပ်ဝင်ပေါက်များမှ တရားမဝင်ဝင်ရောက်မှုများနှင့် အရေးယူခြင်းများ ရှိ/မရှိ တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင် နှင့်တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ သတင်းစာရှင်းလင်းပွဲများကို ဇွန် ၈ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပခဲ့သည်။
သတင်းစဉ်


