နေပြည်တော် ၅ စက်တင်ဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဒိန်းမတ်နိုင်ငံတို့အကြား မြန်မာနိုင်ငံ၏ အလုပ်သမားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာအရ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းဒုတိယပိုင်းအား မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Mgallery ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသိန်းဆွေနှင့် ဒိန်းမတ်နိုင်ငံ အလုပ်သမားရေးရာဝန်ကြီး Mr. Peter Hummelgaard ၊ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. John Nielsen တို့က အဖွင့်အမှာစကားပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒိန်းမတ်နိုင်ငံ အလုပ်သမားရေးရာဝန်ကြီးတို့က နားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းဒုတိယပိုင်းဆိုင်ရာ အချက်အလက်များကို လွှဲပြောင်းခြင်းနှင့် လက်ခံခြင်းတို့ ဆောင်ရွက်ကြသည်။
ဒိန်းမတ်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အလုပ်သမားဈေးကွက် ဖွံ့ဖြိုးရေးအတွက် ၂၀၁၅ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ စီမံကိန်းပထမပိုင်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံ အလုပ်သမားဈေးကွက်၏ အဓိကတာဝန်ရှိသူများ ဖြစ်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာသည်ကို တွေ့ရှိရ၍ အပြုသဘောဆောင်သည့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ဖြစ်ထွန်းမှုအပေါ် ဆက်လက်ပံ့ပိုးသွားရန် စီမံကိန်း ဒုတိယပိုင်းကို ဆက်လက်ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးမှ ကောင်စစ်ဝန် Ms.NannaSars Schewitsch က အလုပ်သမားဈေးကွက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရသည့် ရည်ရွယ်ချက်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
အလုပ်သမားဈေးကွက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအရပိုမို၍ ဘေးအန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ငန်းခွင်များ ဖြစ်ပေါ်လာရန်၊ ကဏ္ဍအလိုက်ပူးပေါင်းဆောင်ရွက်ရန်၊ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးစစ်ဆေးရေး အရာရှိများအား စွမ်းဆောင်ရည် မြှင့်တင်ပေးရန်နှင့်လုပ်ငန်းခွင် အေးချမ်းသာယာရေးအတွက် လူမှုရေးရာ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပြီး အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးတို့အတွက် သင်တန်းပေးခြင်း၊ ဒိန်းမတ်နိုင်ငံသို့ သင်တန်းများနှင့် လေ့လာရေးခရီးများစေလွှတ်ခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်


