လုပ်သားမောင်
အလုပ်သမားဝန်ကြီးဌာနသည် မြန်မာနိုင်ငံ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်သည့် ခေတ်မီနိုင်ငံတော်ကြီး တည်ဆောက်ရာတွင် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် လိုက်လျောညီထွေသည့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များချမှတ်၍ အကောင်အထည်ဖော ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်၏ အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များကို ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်စေရေး ဆောင်ရွက်ပေးလျက်ရှိသည်။
အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် စည်းရုံးလုပ်ဆောင်ခွင့်
ဝန်ကြီးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(International Labour Organization-ILO)သို့ ၁၈-၅-၁၉၄၈ ရက်တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီး အလုပ်သမားရေးရာ ကိစ္စရပ်များကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် စည်းရုံးလုပ်ဆောင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၈၇)အပါအဝင် ILO ပြဋ္ဌာန်းချက် ၁၉ ခုကို အတည်ပြုပါဝင်ခဲ့သည်။
ပြဋ္ဌာန်းချက်အမှတ်(၈၇)ကို အတည်ပြုပါဝင် ခြင်း မပြုမီကပင် အလုပ်သမားအဖွဲ့အစည်းများကို ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂများ အက်ဥပဒေ (Trade Unions Act, 1926)အရ ဖွဲ့စည်းဆောင်ရွက် ခဲ့ပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည် ပြုပြီးချိန်မှစ၍ အလုပ်သမားဥပဒေများကို အပြည် ပြည်ဆိုင်ရာကတိကဝတ်များနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ပြန်လည်သုံးသပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ဆောင်ရွက်ခဲ့ရာ အလုပ်သမားအဖွဲ့အစည်းဥပဒေကို ဦးစားပေးအဖြစ် ရေးဆွဲပြဋ္ဌာန်းခဲ့သည်။
အလုပ်သမားအဖွဲ့အစည်းဥပဒေ(မူကြမ်း)
အလုပ်သမားအဖွဲ့အစည်း ဥပဒေ(မူကြမ်း)ရေးဆွဲရာတွင် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် ILO ရုံးချုပ်မှ ကျွမ်းကျင်သူများ ပါဝင်သည့် ILO Mission ကို ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီလ၊ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလနှင့် ၂၀၁၁ ခုနှစ် ဇူလိုင်လတို့တွင် မြန်မာနိုင်ငံသို့ ဖိတ်ကြား ဆွေနွေးကာ ဥပဒေမူဘောင်ချမှတ်ခဲ့ပြီး ဥပဒေ (မူကြမ်း)တွင် ပါဝင်သင့်သည့် အချက်များကို အသေးစိတ် ထပ်မံညှိနှိုင်းဆွေးနွေး၍ ILO မှ ကျွမ်းကျင်သူ(Expert)များ၏ အကြံဉာဏ်များ ထည့်သွင်းရေးဆွဲကာ ဥပဒေ(မူကြမ်း)ကို Confi-dential Basic ဖြင့် ILO ရုံးချုပ်သို့ပေးပို့ပြီး သဘောထား အကြံဉာဏ်များ ထပ်မံရယူခဲ့သည်။
အလုပ်သမားအဖွဲ့အစည်းဥပဒေ
ILO ၏ အကြံပြုချက်များရယူပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ စံသတ်မှတ် ချက်များနှင့်အညီဖြစ်စေရန် ရေးဆွဲပြင်ဆင်ခဲ့သော ဥပဒေ(မူကြမ်း)ကို အမျိုးသားလွှတ်တော်မှ ၂၀၁၁ ခုနှစ် သြဂုတ်လတွင်လည်းကောင်း၊ ပြည်သူ့ လွှတ်တော်မှ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် လည်းကောင်း အသီးသီးအတည်ပြုကာ အလုပ် သမားအဖွဲ့အစည်းဥပဒေကို ၂၀၁၁ ခုနှစ် အောက်တို ဘာ ၁၁ ရက်တွင် နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးပြဋ္ဌာန်းခဲ့ပြီး ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂများ အက်ဥပဒေကို ရုပ်သိမ်းခဲ့သည်။ ဥပဒေ ပြဋ္ဌာန်းပြီးနောက် နည်းဥပဒေများ (မူကြမ်း)ကို ဆက်လက်ရေးဆွဲ၍ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ILO ရုံးချုပ်သို့ ပေးပို့ခဲ့ပြီး တစ်ချိန်တည်းတွင် ILO Mission ကို မြန်မာနိုင်ငံသို့ ထပ်မံဖိတ်ကြားကာ နည်းဥပဒေများ (မူကြမ်း)အပေါ် သဘောထား အကြံပြုချက်များရယူ၍ ILO Mission ၏ အကြံ ပြုချက်များနှင့်အညီ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက်တွင် အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေများ ကို အတည်ပြုထုတ်ပြန်ခဲ့သည်။
ဥပဒေပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်မှာ အလုပ် သမားများ၏ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန်၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့် အလုပ်သမားတို့ကြား ဆက်ဆံရေး ကောင်းမွန်စေရန်၊ အလုပ်သမားအဖွဲ့အစည်းများစနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက် နိုင်ရန်ဖြစ်၍ ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ် သမားအဖွဲ့အစည်းများကို အသိအမှတ်ပြု လက်မှတ် များထုတ်ပေးခဲ့ရာ ၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့ အစည်းဥပဒေအရ အလုပ်သမားအဖွဲ့အစည်းများ ကို စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းနိုင်ပြီး အလုပ်သမားအဖွဲ့အစည်းများသည် အလုပ်သမား ရေးရာဥပဒေများပါ အခွင့်အရေးများကို အလုပ် သမားများ ရရှိခံစားနိုင်ခြင်းမရှိပါက အလုပ်ရှင်နှင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခွင့်၊ အလုပ်ရှင်နှင့် အလုပ် သမားအငြင်းပွားမှုကို ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့က ဖြေရှင်းရာတွင် အလုပ်သမားကိုယ်စားလှယ်များစေလွှတ်ခွင့်နှင့် အဆင့်ဆင့်သော အလုပ်သမား အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း ထားသည့် ဖျန်ဖြေရေးခုံရုံးများသို့လည်း ကိုယ်စား လှယ်များစေလွှတ်ခွင့်၊ အလုပ်သမား ဥပဒေများပါ အလုပ်သမားအခွင့်အရေး သို့မဟုတ် အကျိုးစီးပွား များနှင့်စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်နှင့် တောင်းဆိုသူ အလုပ်သမားတို့ ဆွေးနွေးရာတွင် အလုပ်သမားအဖွဲ့အစည်း၏ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခွင့်၊ အလုပ်သမားဥပဒေများနှင့်အညီ အလုပ်သမား များ၏ စုပေါင်းအရေးဆိုမှုများကို ဖြေရှင်းရာတွင် ပါဝင်ဆောင်ရွက်ခွင့်၊ အလုပ်ရှင်နှင့် အလုပ်သမား များကြား လုပ်ငန်းများ၏ စီမံခန့်ခွဲရေးပိုင်းဆိုင်ရာ သဘောတူညီချက်များ၊ တစ်ဦးချင်း အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်များ၊ ကတိဝန်ခံချက်များနှင့် အခြားတစ်ဦးချင်း သဘောတူညီချက်များ ပြုလုပ်ရာတွင် ကူညီဆောင်ရွက်ပေးခွင့်များပါရှိသည်။
အသိအမှတ်ပြုလက်မှတ်များထုတ်ပေး
၂၀၁၁ ခုနှစ် အလုပ်သမားအဖွဲ့အစည်းဥပဒေအရ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ အခြေခံ အလုပ် သမားအဖွဲ့အစည်း ၂၈၂၄ ဖွဲ့၊ မြို့နယ်အလုပ်သမား အဖွဲ့အစည်း ၁၅၆ဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် အလုပ်သမားအဖွဲ့အစည်း ၂၅ ဖွဲ့၊ အလုပ်သမား အဖွဲ့ချုပ်ကိုးဖွဲ့၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့တစ်ဖွဲ့၊ အခြေခံအလုပ်ရှင်အဖွဲ့အစည်း ၂၆ ဖွဲ့၊ မြို့နယ်အလုပ်ရှင်အဖွဲ့အစည်းတစ်ဖွဲ့၊ အလုပ်ရှင်အဖွဲ့ချုပ်တစ်ဖွဲ့၊ အလုပ်သမား/ အလုပ်ရှင် အဖွဲ့အစည်း စုစုပေါင်း ၃၀၄၃ ဖွဲ့ တို့ကို အသိအမှတ် ပြုလက်မှတ်များ ထုတ်ပေးခဲ့ပြီး ဖြစ်သည်။
အလုပ်သမားအဖွဲ့အစည်းများအနေဖြင့် အလုပ်သမားများအား ကိုယ်စားပြုဆောင်ရွက်ပေးရခြင်း ဖြစ်၍ အလုပ်သမားရေးရာ ဥပဒေများကို ကောင်းမွန်စွာသိရှိနားလည်ပြီး ဥပဒေပါ ပြဋ္ဌာန်း ချက်များကို လေးစားလိုက်နာရန်၊ အလုပ်သမားများ၏ ကိုယ်စားပြုအနေဖြင့် အလုပ်သမားများ၏ အကျိုးစီးပွားကာကွယ်စောင့်ရှောက်ရေးကို ရှေးရှုဆောင်ရွက်ရန်၊ အဖွဲ့အစည်း၏ ဆောင်ရွက်ချက် များသည် ဥပဒေနှင့် ကိုက်ညီရန် လိုအပ်သကဲ့သို့ အဖွဲ့ဝင်အင်အားစာရင်း၊ နှစ်ပတ်လည်ငွေစာရင်း များကို စနစ်တကျပြုစုထားရှိ၍ လစဉ်၊ နှစ်စဉ် စစ်ဆေးရန်၊ အဖွဲ့အစည်း၏ အလုပ်အမှုဆောင်အဖွဲ့ကို ဥပဒေနှင့်အညီ နှစ်နှစ်တစ်ကြိမ် ပြန်လည် ရွေးချယ်ဆောင်ရွက်သွားရမည်ဖြစ်သည်။
အလုပ်သမားအဖွဲ့အစည်းများ ပုံမှန်လည်ပတ်နိုင်ရေး
၂၀၂၀ ပြည့်နှစ်မှစ၍ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါပျံ့နှံ့လာမှုသည် မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်လာခဲ့ပြီး အလုပ်သမားများ အပါအဝင် ပြည်သူတို့၏လူမှုစီးပွားဘဝများအပေါ် သက်ရောက် မှုများရှိလာခဲ့ရာ အချို့သော အလုပ်သမားအဖွဲ့ အစည်းများသည် အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့ အစည်းအဖြစ် ဆက်လက်ရပ်တည်နိုင်မှု မရှိတော့ ခြင်း၊ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းမှုများ နည်းပါးလာခြင်း၊ ပုံမှန်လှုပ်ရှားဆောင်ရွက်မှုများ မပြုလုပ်နိုင်ခြင်း စသည့်အနေအထားများကို စိစစ် တွေ့ရှိရသဖြင့် အလုပ်သမားအဖွဲ့အစည်းများအား ဥပဒေနှင့်အညီ စနစ်တကျ ဖွဲ့စည်းဆောင်ရွက် နိုင်ရေးနှင့် အလုပ်သမားအဖွဲ့အစည်းများ ပုံမှန် လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့ရှိ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ၂၄-၂-၂၀၂၃ ရက် နံနက် ပိုင်းတွင် လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမ၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ ကျန် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား နေ့လယ်ပိုင်းတွင် ရွှေလင်ပန်းစက်မှုဇုန် ကနောင်ခန်းမ၌လည်းကောင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသား ရေးရာဝန်ကြီး၊ မှတ်ပုံတင်အရာရှိချုပ် ဦးစီးဌာနအဖွဲ့ များမှ တာဝန်ရှိသူများ၊ မြို့နယ်မှတ်ပုံတင်အရာရှိ များနှင့် စက်မှုဇုန်ကော်မတီဝင်များ အပါအဝင် ၁၇၀ ခန့် တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးညှိနှိုင်းမှုများ
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက အလုပ်သမားများအနေဖြင့် စက်ရုံ၊ အလုပ်ခွင်စည်းကမ်းများနှင့် အလုပ်သမားရေးရာဥပဒေများကို သိရှိနားလည်ပြီး အလုပ်သမားများကို အသိပညာ ဖြန့်ဝေပေးရန် လိုကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဖြင့် အလုပ်ရှင်၊ အလုပ်သမားများအကြား ဆက်ဆံရေး ကောင်းမွန်ပြီး အလုပ်သမားများအကျိုးကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄ တွင် အလုပ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် ပေးနိုင်ရေး ပြဋ္ဌာန်းထားကြောင်း၊ အလုပ်သမား အဖွဲ့အစည်းများအနေဖြင့် ပြည်တွင်း၌သာမက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ ညီလာခံနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) မှ ကျင်းပသည့် အစည်းအဝေးများသို့ တရားဝင် အလုပ်သမားကိုယ်စားလှယ်များအဖြစ် တက်ရောက် ခွင့်ရှိကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများနှင့် တွေ့ဆုံရခြင်းမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့(CTUM)၏ အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ရန်ကိစ္စသည် အဓိကဖြစ်ကြောင်း၊ CTUM ဥက္ကဋ္ဌဖြစ်သူ ပြည်သစ်ညွန့်ဝေ(ခ) မောင်မောင်သည် နိုင်ငံ၏ အရေးပေါ်ကာလတွင် ပြည်ပသို့ထွက်ခွာပြီး တရားမဝင် အဖွဲ့အစည်း ဖြစ်သည့် NUG၊ CRPH တို့နှင့် ဆက်သွယ်ဆောင်ရွက် နေသည့်အပြင် ILO ကဲ့သို့သော အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ နိုင်ငံ၏အကျိုးစီးပွားကို ဖျက်ဆီး နေသည့်အတွက် ၎င်းနှင့်အတူ အလုပ်အမှုဆောင် အဖွဲ့ဝင်များကို သက်ဆိုင်ရာဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့သဖြင့် လက်ရှိတွင် အဖွဲ့အစည်း၏ တာဝန်များဆောင်ရွက်၍ မရသော်လည်း CTUM သည် အလုပ်သမားအဖွဲ့အစည်းအဖြစ် ဆက်လက် တည်ရှိနေသောကြောင့် အမှုဆောင်အဖွဲ့ကို ပြန်လည်ရွေးချယ်ရမည်ဖြစ်ကြောင်း၊ အလုပ်သမား အဖွဲ့အစည်းများအနေဖြင့် အလုပ်သမားများ၏ အကျိုးစီးပွားကို ရှေ့တန်းတင်ရမည်ဖြစ်ပြီး အလုပ် သမားများကို ဦးဆောင်မှု ပေးနိုင်ရမည်ဖြစ်ကြောင်း၊ လက်ရှိတွင်လည်း အစိုးရနှင့် ပူးပေါင်းဆောင်ရွက် နေသည့် အလုပ်သမား အဖွဲ့ချုပ်များလည်း ရှိကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း အစိုးရ၊ အလုပ် ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ လေးကြိမ် တိုင် ကျင်းပပြုလုပ်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် အလုပ်သမားများ ထိခိုက်နစ်နာခဲ့မှုများကို ကုစားရန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း၊ ကိုဗစ် ကပ်ရောဂါကာလတွင် တစ်ကမ္ဘာလုံး၏ စီးပွားရေး ထိခိုက်မှုနှင့်အတူ ပို့ကုန်လုပ်ငန်းများကို ထိခိုက်ခဲ့ ကြောင်း၊ ယခုကာလတွင် ပိုမိုကောင်းမွန်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ရာ မြန်မာနိုင်ငံမှ ထုတ်ကုန်များကို နိုင်ငံတကာသို့ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ အလုပ်သမားများအနေဖြင့် ပုံမှန်ဝင်ငွေရရှိမှသာ မိသားစုစားဝတ်နေရေး အဆင်ပြေမည်ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ရွေးချယ်ဆောင်ရွက် ခွင့်ရှိရန်လိုကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဖွဲ့ အစည်းများကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်ခွင့်ပေးထားရာ စည်းကမ်းတကျ ဆောင်ရွက်ပြီး အချင်းချင်း အပြန်အလှန် လေးစားမှုရှိရန်လိုကြောင်း၊ အဖွဲ့အစည်းတွင် အလုပ် အမှုဆောင်အဖွဲ့ သက်တမ်းကုန်ဆုံး၍ ပြန်လည် ရွေးချယ်ပါက အလုပ်သမားများအား ကိုယ်စားပြု နိုင်သူကို စနစ်တကျရွေးချယ် တာဝန်ပေးအပ်ရန် လိုကြောင်း၊ အလုပ်သမားရေးရာ ပြဿနာများ ဖြစ်ပွားပါက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ အလုပ် သမားရေးရာဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဖူလုံရေး အဖွဲ့တို့အနက် မည်သည့် ဦးစီးဌာနကိုမဆို ဆက်သွယ်တင်ပြနိုင်ပြီး သက်ဆိုင်ရာဌာနသို့ ဆက်လက်လွှဲပြောင်း ဖြေရှင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အလုပ်သမားများအား အလုပ်သမား အဖွဲ့အစည်းများမှ စည်းရုံးဆောင်ရွက် ဦးဆောင် ဦးရွက်ပြုပေးစေလိုကြောင်း ထည့်သွင်းမှာကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးက အလုပ်သမား အဖွဲ့အစည်းများအနေဖြင့် အလုပ်သမားများ အကျိုးရရှိပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းအောင် ဦးဆောင် ဦးရွက်ပြုနေ သူများဖြစ်ကြောင်း၊ အဖွဲ့အစည်းတိုင်းတွင် ဖွဲ့စည်းပုံ စည်းမျဉ်း၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ ရှိသကဲ့သို့ အဆိုပါရည်ရွယ်ချက်အတိုင်း ထိထိရောက်ရောက် လုပ်ဆောင်ရန်လိုကြောင်း၊ ရည်ရွယ်ချက် လွဲချော် သွား၍မရကြောင်း၊ နိုင်ငံသားတိုင်းသည် အစိုးရအဆက်ဆက်ကတည်းက နိုင်ငံရေးဦးတည်ချက်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သည့် ဒို့တာဝန်အရေးသုံးပါးကို လေးစား လိုက်နာရန် အရေးကြီးကြောင်း၊ အမျိုးသားရေးကို ဦးထိပ်ထား၍ အလုပ်သမားများအား ဦးဆောင်ဦးရွက်ပြုနိုင်သည့် အဖွဲ့အစည်းများဖြစ်ရန် ဆန္ဒပြုကြောင်းပြောကြားခဲ့ သည်။
ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများ
အဆိုပါတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ က သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ လက်ရှိ အနေ အထားနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၊ ဆောင်ရွက်ပေးစေလိုသော အချက်များကို ဆွေးနွေးခဲ့ကြရာ ကိုဗစ်ကပ်ရောဂါကာလတွင် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ခြင်းမပြု လုပ်နိုင်သော်လည်း ညီလာခံခေါ်ယူ၍ ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်း မပျောက်ပျက်အောင် ဆက်လက်ဆောင်ရွက်နေကြောင်း၊ ယခင်က အလုပ်သမားများကို စွမ်းဆောင် ရည်မြှင့်တင်ရေးသင်တန်းများ ပို့ချပေးခဲ့သော်လည်း ယခုကာလတွင် အစည်းအဝေးများ၊ သင်တန်းများ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသေးကြောင်း၊ ကျန်ရှိသည့် အလုပ်အမှုဆောင် အင်အားဖြင့် လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ တောင်သူများတွင် လယ်ယာနှင့် ကိုင်းလုပ်ငန်းများဖြစ်သည့် ငရုတ်နှင့် ပြောင်းလုပ်ငန်းများ လုပ်ဆောင်သူများရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကလိုအပ်ချက် ဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရန်နှင့် ဓာတ်မြေဩဇာကို စက်ရုံဈေးနှုန်းဖြင့် ရရှိစေရန်ဆောင်ရွက် ပေးစေလိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ရေလုပ်ငန်းတွင်သာ အဖွဲ့အစည်းများ ဖွဲ့စည်းသော်လည်း အလုပ်သမားများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေး ပိုမိုအဆင်ပြေနိုင်ရန် အတွက် လုပ်ငန်းကဏ္ဍအလိုက် အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်မှသာ ပိုမိုအဆင်ပြေကြောင်း၊ ဒေသ အတွင်း အင်း၊ အိုင်၊ ချောင်း၊ မြောင်းများပေါများ သော်လည်း အလုပ်သမားများအနေဖြင့် လုပ်ကိုင်ခွင့် မရကြောင်း၊ အလုပ်သမားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး မိမိတို့ဒေသအတွင်းရှိ အင်း၊ အိုင်များကို အသုံးပြု၍ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်လာနိုင်ပါက လုပ်ငန်းများ အဆင်မပြေမှုကြောင့် အခြားနိုင်ငံများသို့ အလုပ်သမားများ သွားရောက်လုပ်ကိုင်နေခြင်းကို တားဆီးနိုင်မည်ဖြစ်ကြောင်း၊ အဖွဲ့ချုပ်အောက်တွင်မရှိသည့် အလုပ် သမားအဖွဲ့အစည်းများမှ သပိတ်မှောက်ရာတွင် ခွင့်ပြုချက် တောင်းခံနိုင်ရေးအတွက် ပြန်လည် သုံးသပ်ပေးစေလိုကြောင်း၊ အဖွဲ့အစည်းအဖြစ်ရှိနေ၍ လုပ်ငန်းညှိနှိုင်းအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ပြီး အလုပ်သမားရေးရာ ကိစ္စရပ်များကို ပိုမိုရှင်းလင်းရလွယ်ကူကြောင်း၊ အချို့စက်ရုံများတွင် အလုပ်သမားများ၏ အခွင့်အရေးများ ဆုံးရှုံးလျက် ရှိကြောင်း၊ အလုပ်သမားအဖွဲ့အစည်းများ ဖွဲ့စည်းရာ တွင် ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားစက်ရုံ၊ အလုပ်ရုံ များ၏ လုပ်ငန်းများသည် သဘောသဘာဝချင်း မတူညီသဖြင့် သက်ဆိုင်ရာလုပ်ငန်းများမှ လူ့စွမ်းအား အရင်းအမြစ်မန်နေဂျာ(HR Manager) နှင့် စီမံခန့်ခွဲမှု တာဝန်ရှိသူများကို အလုပ်သမားဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပေးသင့်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်း အချင်းချင်းချိတ်ဆက်ရာတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ကြောင့် အဆက်အသွယ်များ ပြတ်တောက်နေကြောင်း၊ အဖွဲ့အစည်းများ အကျိုးအတွက် အချို့သော မြို့၊ ရွာများရှိ မြေလွတ်မြေရိုင်းများတွင် လုပ်ကိုင်ခွင့်ကို နိုင်ငံတော်မှ ခွင့်ပြုမိန့်တောင်းခံ လိုကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(CTUM) လက်အောက်ရှိ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုအလုပ်သမားအဖွဲ့ချုပ် (ယာယီ) မှ ကိုယ်စားလှယ်က မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့၏ အလုပ်အမှုဆောင် အဖွဲ့ ပြန်လည်ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသီးသီး ဆွေးနွေးတင်ပြကြသည်။
အလုပ်သမားအဖွဲ့အစည်းများမှ ဆွေးနွေး တင်ပြချက်များနှင့်ပတ်သက်၍ မှတ်ပုံတင်အရာရှိ ချုပ်ဖြစ်သူ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အလုပ်သမား အဖွဲ့အစည်း များသည် အလုပ်သမားအဖွဲ့အစည်းဥပဒေအရ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိကြောင်း၊ လူဦးရေ ၃၀ ရှိပါက အဖွဲ့အစည်းဖွဲ့စည်းနိုင်ကြောင်း၊ တရားဝင် ဖွဲ့စည်းခွင့်တင်ပြပြီးပါက လှုပ်ရှားဆောင်ရွက်မှုရှိနေ စေလိုကြောင်း၊ စက်ရုံတွင် အလုပ်သမားအဖွဲ့ အစည်းရှိပါက လုပ်ငန်းညှိနှိုင်း ဖျန်ဖြေရေးအဖွဲ့သို့ အဖွဲ့အစည်းမှ ကိုယ်စားလှယ်စေလွှတ်ခွင့်ရှိပြီး အဖွဲ့အစည်းမရှိပါက စက်ရုံရှိ အလုပ်သမားများမှ မဲပေးရွေးချယ်ထားသည့် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်ရပါကြောင်း၊ အလုပ်သမား အဖွဲ့အစည်းများမှ အလုပ်သမားများအနေဖြင့် လုပ်ငန်းညှိနှိုင်းရေးကော်မတီတွင် ကိုယ်စားလှယ်ပါဝင်ခွင့် ရှိသော်လည်း အဆိုပါအဖွဲ့၏ အလုပ်အမှုဆောင် သက်တမ်းမရှိပါက ကိုယ်စားပြုခွင့်မရှိပါကြောင်း၊ အလုပ်အမှုဆောင်အပြောင်းအလဲ ရွေးချယ်နိုင်ခြင်း မရှိသေးကြောင်း တင်ပြလာသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှ အဖွဲ့အစည်းအား ကိုယ်စားပြုနိုင်ပြီး အလုပ်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်နိုင်စေရန် အလုပ် အမှုဆောင် အဖွဲ့ကို ပြန်လည်ရွေးချယ်စေလိုကြောင်း၊ အဖွဲ့အစည်းပယ်ဖျက်ရန် အလုပ်အမှုဆောင်အဖွဲ့မှ တင်ပြလျှင် သော်လည်းကောင်း၊ အဖွဲ့ဝင်ဦးရေ ပြည့်မီခြင်း မရှိလျှင်သော်လည်းကောင်း ပယ်ဖျက်နိုင် သော်လည်း အဖွဲ့ဝင်ဦးရေ ပြည့်မီအောင် ပြန်လည် ဖြည့်ဆည်းစေရေး စည်းရုံးဆောင်ရွက်ရန်နှင့် ပယ်ဖျက်ခွင့် တင်ပြလာပါက သေချာစွာစိစစ်ရန် မြို့နယ်မှတ်ပုံတင်အရာရှိများအား ညွှန်ကြားထား ကြောင်း၊ အခြားဌာနမှ စည်းကြပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရှိသောကြောင့် မိမိတို့ဌာနမှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် ကိစ္စများနှင့်ပတ်သက်၍ ဌာနသို့ တရားဝင်စာဖြင့် တင်ပြပေးစေလိုကြောင်း၊ သပိတ်မှောက်ရာတွင် အဖွဲ့ချုပ်ကို တင်ပြရသည့်ကိစ္စသည် ဥပဒေတွင် ပါဝင်သည့်အတွက် ဥပဒေကိုကျော်လွန်၍ မရ ကြောင်း၊ လတ်တလောတွင် အဖွဲ့ချုပ်တစ်ခုခု အောက်သို့ ဝင်ရောက်ခြင်း (သို့မဟုတ်) မြို့နယ် အဖွဲ့အစည်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် အဆင် ပြေနိုင်မည်ဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေပြင်ဆင်ရာတွင် အဆိုပါအချက်ကို ထည့်သွင်း စဉ်းစားပေးမည်ဖြစ်ကြောင်း၊ အလုပ်အမှုဆောင်အဖွဲ့သက်တမ်းရှိမှသာ အလုပ်သမားများအား ကိုယ်စားပြုခွင့်ရနိုင်မည်ဖြစ်၍ သက်ဆိုင်ရာအလုပ် သမားအဖွဲ့အစည်းများနှင့် အလုပ်သမားများ၏ အကျိုးအတွက် အမှန်တကယ် အလုပ်လုပ်နိုင်မည့်သူ များအား အလုပ်အမှုဆောင်များအဖြစ် အမြန်ဆုံး ပြန်လည်ရွေးချယ်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
အလုပ်အမှုဆောင်အဖွဲ့ကို ဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ဆောင်ရွက်ခြင်း
တွေ့ဆုံဆွေးနွေးပွဲတွင် အလုပ်သမားအဖွဲ့ အစည်းများ၏ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ညှိနှိုင်းတိုင်ပင် ဆွေးနွေးနိုင်ခဲ့သဖြင့် အလုပ်သမားအဖွဲ့အစည်း များသည် မိမိတို့အဖွဲ့အစည်း၏ လိုအပ်ချက်များကို သိရှိနားလည်ပြီးအဖွဲ့အစည်း၏ အဓိက ကျသော အလုပ်အမှုဆောင်အဖွဲ့ကို ဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ဆောင်ရွက်ခြင်းဖြင့် အလုပ်သမားများအား ကိုယ်စားပြုသော အလုပ်သမားအဖွဲ့အစည်းများ အဖြစ် အလုပ်သမားများ၏ အကျိုးခံစားခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လူမှုဖူလုံရေးအပါအဝင် အခြား အကျိုး ခံစားခွင့်များကို အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား တို့ကြား သုံးဦးသုံးဖလှယ် ပူးပေါင်းညှိနှိုင်းအဖြေရှာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းခွင် အေးချမ်းသာယာရေးကို ဖော်ဆောင်နိုင် ပြီး ကုန်ထုတ်စွမ်းအားတိုးတက်လာစေ၍ အလုပ်ရှင်၊ အလုပ်သမားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်နိုင်ရုံ သာမက တစ်ဖက်တွင်လည်း နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာရေးကို များစွာအထောက်အကူဖြစ်စေမည်မှာ မလွဲဧကန် ဖြစ်ပါကြောင်း တင်ပြလိုက်ရသည်။ ။