နေပြည်တော် ဧပြီ ၂၇
၂၀၂၃ ခုနှစ် မေ (၁) ရက်တွင်ကျရောက်သည့် အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းတွင် အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) ၌ အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်းများစုပေါင်း သွေးလှူဒါန်းသည့် အခမ်းအနားကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။
အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏အကျိုးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို တစ်ဘက်တစ်လမ်းမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ နေပြည်တော်၌ ဝန်ထမ်းဦးရေ (၆၀) က စုပေါင်းသွေးလှူဒါန်းခဲ့ပြီး ယနေ့တွင် ဝန်ထမ်းဦးရေ (၄၀) က ထပ်မံလှူဒါန်းခဲ့သည့်အတွက် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် စုစုပေါင်းဝန်ထမ်းဦးရေ (၁၀၀) စုပေါင်းသွေးလှူဒါန်းခဲ့ပြီး ဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ် မေ (၁) ရက်တွင် ကျရောက်မည့်အလုပ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောင်းပါးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများနှင့် စုပေါင်းသွေးလှူဒါန်းပွဲများ ကျင်းပခြင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများ၏ အကျိုးကို ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးနေမှုများနှင့်ပတ်သက်၍ အလုပ်သမားနေ့ဆိုင်ရာ စကားဝိုင်း Talk Show အစီအစဉ် ရိုက်ကူးခြင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ကျင်းပခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်