နေပြည်တော် အောက်တိုဘာ ၂၅
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည်။
နှီးနှောဖလှယ်ပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ မြန်မာပြည်အောက်ပိုင်းရှိ ခုံသမာဓိအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးက အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဆက်ဆံရေးကောင်းမွန်ပြီး လုပ်ငန်းခွင်အေးချမ်းသာယာခြင်းသည် အဓိကကျပါကြောင်း၊ မိမိတို့လုပ်ငန်းခွင်အတွင်း အခက်အခဲများ၊ လိုအပ်ချက်များ ဖြစ်ပေါ်လာပါက လုပ်ငန်းခွင်အတွင်း၌ ကနဦး ဆွေးနွေးညှိနှိုင်း ဆောင်ရွက်သင့်ပါကြောင်း ညှိနှိုင်းဖျန်ဖြေသူများ အနေဖြင့် အငြင်းပွားသူ နှစ်ဖက်အကြား Win Win Situation ဖြစ်စေမည့် ရလဒ်ရရှိရေးဖျန်ဖြေပေးရန်နှင့် ခုံသမာဓိဖြင့် ဆုံးဖြတ်ဆောင်ရွက်သူများအနေဖြင့်လည်း အငြင်းပွားသူ အလုပ်ရှင်၊ အလုပ်သမားများအကြား နှစ်ဖက်သမာသမတ်ကျစွာနှင့် မျှတစွာဆုံးဖြတ်ရန် လိုအပ်ပါကြောင်း၊ Tripartite အဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးခြင်းကြောင့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နေသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီအဖွဲ့ဝင်များအနေဖြင့် အငြင်းပွားမှုများကို ညှိနှိုင်းဖျန်ဖြေခြင်း၊ ကြားနာစစ်ဆေး ဆုံးဖြတ်ခြင်း ဆောင်ရွက်ရာတွင် မိမိသည် အလုပ်ရှင်ကိုယ်စားလှယ်ဖြစ်သည်၊ အလုပ်သမား ကိုယ်စားလှယ်ဖြစ်သည်ဆိုသည့် အဖွဲ့အစည်းစွဲမထားဘဲ ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးရန် လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် က အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် ခုံသမာဓိကောင်စီဝင်များနှင့်တွေ့ဆုံ၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နှီးနှောဖလှယ်ပွဲ ကျင်းပရသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနနှင့် အလုပ်သမားရေးရာဆက်ဆံရေး ဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသောစိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များကို အုပ်စု (၃)စုဖွဲ့၍ အုပ်စုလိုက် ဆွေးနွေးခြင်းများအပေါ် အပြန်အလှန် ဆွေးနွေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


