နေပြည်တော် ၂၃ နိုဝင်ဘာ
အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးနည်းဥပဒေ (မူကြမ်း) ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ အမျိုးသားလွှတ်တော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလုပ်သမားရေးရာဆိုင်ရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ အိုင်အယ်လ်အို (ရန်ကုန်ရုံး)မှ Ms. Anne Boyd (Chief Technical Advisor of the TDW Project)၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM)၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) နှင့် မြန်မာနိုင်ငံတောင်သူလယ်သမား၊ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF) တို့မှ ကိုယ်စားလှယ်များ၊ ခုံသမာဓိကောင်စီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးခုံ သမာဓိအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ခုံသမာဓိအဖွဲ့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲသည် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးနည်းဥပဒေ (မူကြမ်း)ကို ဩဂုတ် ၃၁ ရက်နှင့် စက်တင်ဘာ ၇ ရက်တို့တွင် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း)၌ ရှင်းလင်းဆွေးနွေးခဲ့ပြီး ဖြစ်သော်လည်း အဖွဲ့အစည်းများမှ ပေးပို့လာသည့် အကြံပြုချက်များနှင့် စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် အဖွဲ့ဝင်များ၏ သဘောတူညီချက်ရရှိနိုင်ရေး နောက်ဆုံးအကြိမ် ဆွေးနွေးညှိနှိုင်းသည့် ဆွေးနွေးပွဲဖြစ်ပြီး ဤနည်းဥပဒေထွက်ရှိမှသာ လက်တွေ့မြေပြင်တွင် အကောင်အထည်ဖော်ရာ၌ လွယ်ကူနိုင်မည်ဖြစ်သည့်အပြင် သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့်လည်း မိမိတို့ဌာနနှင့် သက်ဆိုင်သော အလုပ်သမားဥပဒေပါ အခွင့်အရေးဆိုင်ရာ အငြင်းပွားမှုများနှင့် ပတ်သက်၍ တိတိကျကျ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ နည်းဥပဒေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်း၍ ပြင်ဆင်ခြင်းဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများအပြင် အများပြည်သူများပါ ရှင်းရှင်းလင်းလင်း သိရှိနားလည်နိုင်မည်ဖြစ်၍ စည်းကြပ်အကောင်အထည် ဖော်လွယ်ကူမည့် နည်းဥပဒေထုတ်ပြန်နိုင်ရန်အတွက် တက်ရောက်လာသည့် ကိုယ်စားလှယ်များမှ ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


