နေပြည်တော် ဇွန် ၈
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ အငြင်းပွားမှုများကို ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းရန် ဖွဲ့စည်းထားသည့် ခုံသမာဓိကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီး ခုံသမာဓိအဖွဲ့၊ လှိုင်သာယာမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဒုတိယဝန်ကြီးက ပြည်ထောင်စုဝန်ကြီးအနေဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း ယခုအဖွဲ့ဝင်များကို တွေ့ဆုံ၍ လိုအပ်ချက်များ မှာကြားခဲ့ပြီးဖြစ် ကြောင်း၊ ၂၀၁၂ ခုနှစ်၊ ခုံသမာဓိရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေနှင့်အညီ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) ၃,၅၄၇ ဖွဲ့၊ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ ၃၂၅ ဖွဲ့၊ ခုံသမာဓိ အဖွဲ့ ၁၅ ဖွဲ့နှင့် ခုံသမာဓိကောင်စီ ၁ ဖွဲ့တို့ကို ဖွဲ့စည်းပေးခဲ့ပြီး ဖြစ်ကြောင်း။
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီတွင် ကနဦးဖြေရှင်း၍ ပြေလည်မှု များရရှိနေမှုကြောင့် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းမှုကို များစွာအထောက်အကူဖြစ်နေကြောင်း၊ ပြေငြိမ်းမှုမရသည့် အငြင်းပွားမှုများကို မြို့နယ်ညှိနှိုင်းဖျန်ဖြေရေး အဖွဲ့ဖြင့်ဖြစ်စေ၊ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးရမည့် ကိစ္စရပ်များအတွက် မြို့နယ်ပေါင်းစပ်အဖွဲ့တို့ဖြင့် ဖြေရှင်းပေးလျက်ရှိကြောင်း။
ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခုံသမာဓိအဖွဲ့များ အနေဖြင့် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှ လွှဲပြောင်းပေးသည့် အငြင်းပွားမှုများကို ခုံသမာဓိကောင်စီက သတ်မှတ်သော လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် လျှောက်ထားလာပါက ဥပဒေနှင့်အညီ ခုံအဖွဲ့ ဖွဲ့စည်း၍ ဆုံးဖြတ်ချက် ချမှတ်ပေးလျက်ရှိကြောင်း။
ခုံသမာဓိကောင်စီအဖွဲ့ဝင်အနေဖြင့် ခုံသမာဓိအဖွဲ့၏ ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိသဖြင့် ခုံသမာဓိကောင်စီ၏ အဆုံးအဖြတ်ခံယူရန် တင်သွင်းသည့် လျှောက်ထားလွှာများကို လက်ခံရရှိသည့်အခါ ခုံအဖွဲ့ ဖွဲ့စည်း၍ ကြားနာစစ်ဆေးရာတွင် စစ်ဆေးချက်များ၊ သက်သေခံခြင်းများအပေါ် အခြေခံ၍ လွတ်လပ်စွာဖြင့် အလုပ်ရှင်နှင့် အလုပ်သမားတို့အတွက် မျှတသော ဆုံးဖြတ်ချက် ချမှတ်ရမည်ဖြစ်ကြောင်း၊ အငြင်းပွားမှုဖြေရှင်းရေး၊ ခုံသမာဓိကောင်စီ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း။
အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) တွင် ဆွေးနွေးညှိနှိုင်းမှု အားကောင်းခြင်းဖြင့် အငြင်းပွားမှုများကို လျော့ကျစေနိုင်သဖြင့် (WCC) တိုးမြှင့်ဖွဲ့စည်းရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖျန်ဖြေရေးအရာထမ်းများအနေဖြင့် အငြင်းပွားမှု ဖြစ်ပွားသည့် အခြေခံအကြောင်းအရင်းများ၊ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်သည့် စက်ရုံများ၏ အလေ့အထများနှင့် အငြင်းပွားမှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရန် နည်းလမ်းများကို အသိပညာပေးဆွေးနွေးခြင်း၊ တစ်ဦးချင်း ညှိနှိုင်းဖျန်ဖြေမှု စွမ်းဆောင်ရည် မြင့်မားလာစေရန် အတွေ့အကြုံများ အပြန်အလှန်ဆွေးနွေးဖလှယ်၍ လက်တွေ့ကျင့်သုံးရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
သတင်းစဉ်