နေပြည်တော် ၂၇ နိုဝင်ဘာ
အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group)-HLWG) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်အဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီ အဖွဲ့ဝင်များဖြစ်သော ဝန်ကြီးဌာန(၁၆)ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့အစည်းအဝေးသည် (၃၃၇) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင် မြန်မာနိုင်ငံက အဓမ္မခိုင်းစေမှု ပပျောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုများအပေါ် ဆွေးနွေးဆုံးဖြတ်ခဲ့မှုများကို အသိပေးရန်နှင့် ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များ၊ National Complaints Mechanism- NCM ထူထောင်ရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးရန်နှင့် NCM ထူထောင်ဆဲ ကြားကာလယန္တရား အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း။
ILO ၏ ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး ၁၄ ကြိမ်မြောက် အမျိုးသား အဆင့်သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို တစ်ဆက်တည်း ကျင်းပခဲ့ကြောင်း၊ အဆိုပါအခမ်းအနားများသို့ ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vine လည်း တက်ရောက်ဆွေးနွေးကာ ဆွေးနွေးပွဲမှ အပြုသဘောရလဒ်များကြောင့် (၃၃၇)ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အပြုသဘော တင်ပြဆွေးနွေးချက်များ၊ ဆုံးဖြတ်ချက်များရရှိခဲ့ကြောင်း။
ယခု ၃၃၇ ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေး အမေရိကန်နှင့် အလုပ်သမား ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံအပေါ် ဖိအားပေးသည့်ဆုံး ဖြတ်ချက်များချမှတ်ရန် အဆိုပြုချက်များ တင်သွင်းခဲ့သော်လည်း HLWG အဖွဲ့ဝင် ဝန်ကြီးဌာနများက ပံ့ပိုးပေးခဲ့သော အချက်အလက်များအရ ၎င်းတို့အဆိုပြုချက်များသည် မြေပြင်အခြေအနေနှင့် ကင်းကွာနေသည့်အတွက် အပြုသဘော အဆိုပြုချက်များ ပြောင်းလဲထည့်သွင်းရန် မြန်မာဘက်မှ ခိုင်မာစွာပြောကြားနိုင်ခဲ့ပြီး နိုင်ငံတကာ အလုပ်ရှင်ကိုယ်စားလှယ်ကလည်း ILO ဒုတိယညွှန်ကြားရေးမှူးချုပ်၏ တင်ပြချက်အရ တိုးတက်မှုများ တွေ့ရှိရကြောင်း ပြောကြားခဲ့၍ မြန်မာနိုင်ငံအပေါ် အပြီးသတ်ဆုံးဖြတ်ချက်တွင် အပြုသဘော မဆန်သည့်အချက်များ ဖယ်ရှားနိုင်ခဲ့ကြောင်း။
ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များအပေါ် မြန်မာအမြဲတမ်း ကိုယ်စားလှယ်က “၂၀၂၀ ပြည့်နှစ် မတ်လတွင် ကျင်းပမည့် (၃၃၈) ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး၌ မြန်မာနိုင်ငံအနေဖြင့် ခိုင်မာသည့် တိုးတက်မှုများ ပြသနိုင်ရန် အချိန်ပေးလိုက်ခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ယနေ့အစည်းအဝေးမှ (၃၃၇)ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကောင်းဆုံးတုံ့ပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ NCM နှင့်ပတ်သက်၍ ထိရောက်စွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ NTDF တွင် အလုပ်သမားရေးရာ ဥပဒေပြင်ဆင်ရေးကို နိုင်ငံတကာစံနှုန်းနှင့်အညီ ဆောင်ရွက်ပါက လာမည့်မတ်လ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် များစွာအထောက်အကူပြုမည်”ဟု သုံးသပ်ထားကြောင်း။
ထို့ပြင် NCM ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လိုအပ်သည့်အပိုင်းတွင် အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိသည်ကို အသိပေးလိုကြောင်း။
အမျိုးသားကော်မတီဖွဲ့စည်းမှုကို အတည်ပြုပြီးသည့်အခါ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဦးစီးဌာနများအလိုက် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားချက်များကို ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်း၊ အချိန်ကာလ သတ်မှတ်ချက်များကို Standard Operation Procedure - SOP ရေးဆွဲရန်လိုကြောင်း။ ထို့ပြင် အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ အသိပညာပေးမှုကို Social Media လမ်းကြောင်းအပါအဝင် ဘက်ပေါင်းစုံက ဆောင်ရွက်သွားရန်နှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများပေးရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နိုဝင်ဘာလ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေး၏ ရလဒ်ကောင်းများကို ထိန်းသိမ်းပြီး လက်ရှိဆောင်ရွက်နေသည့် ကြားကာလ တိုင်ကြားမှုယန္တရားဖြစ်သော HLWG မှ လက်ခံရရှိသော အမှုများကို ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်နေကြောင်း အများပြည်သူသိရှိအောင် ဖော်ပြနိုင်ရန် လိုအပ်သကဲ့သို့ ဆက်လက်ဆောင်ရွက်မည့် NCM ကို ဖိဖိစီးစီး ဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
(၃၃၇)ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြ၍ တက်ရောက်လာသူများက National Complaints Mechanism - NCM ထူထောင်ရေးလုပ်ငန်းစဉ်၊ NCM ထူထောင်ဆဲကြားကာလယန္တရား အကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်