နေပြည်တော် မတ် ၃

 

အလုပ်သမားဝန်ကြီးဌာန အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့၏ (၁/၂၀၂၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ အမျိုးသားအဆင့်အဖွဲ့ဝင်များနှင့် အလုပ်ရှင်/အလုပ်သမား အဖွဲ့အစည်းကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

တိုးချဲ့ဆောင်ရွက်နိုင်ပြီ

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ပါဝင်သည့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ကို ဖွဲ့စည်း၍ အာမခံ အလုပ်သမားများအတွက် ထိရောက်ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူ လက်လှမ်းမီရယူနိုင်ရန်နှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်များကို ဥပဒေနှင့်အညီပေးအပ်နိုင်ရန် အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိတွင် နှစ်(၇၀) ကျော်ကာလသို့ ရောက်ရှိခဲ့ပြီး လူမှုဖူလုံရေးစီမံကိန်းကို အကျုံးဝင်မြို့နယ် ၁၂၈ မြို့နယ်အထိ အာမခံအလုပ်သမား ၁ ဒသမ ၃၄ သန်းကျော်ဖြင့် တိုးချဲ့ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း။

 

လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများကို ပိုမိုထိရောက်ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ် ချုပ်ဆို၍ Fee for Service Payment ဖြင့် ဆေးခန်း ၇၅ ခန်းနှင့် သားဖွားခန်း ရှစ်ခန်းဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ထုတ်ကုန်ကျခဲ့သည့် ဆေးဖိုးစိုက်ထုတ်ငွေများကို အမြန်ဆုံးပြန်လည်ပေးအမ်းလျက်ရှိကြောင်း။

 

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများ၏ အကျိုးကိုရှေးရှုပြီး ၂၀၂၅ ခုနှစ်၌ မန္တလေးမြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုရှိ အာမခံ အလုပ်သမား တစ်သိန်းကျော်အတွက် ငွေကျပ် ၁၀၉၈၆ ဒသမ ၃၆၈ သန်းနှင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်အတွက် အာမခံအလုပ်သမားများ၏ အချိန်ပြည့် ပညာသင်ကြားနေသော သားသမီး ကိုးသောင်းခန့်အား ငွေကျပ် ၃၅၈၀ ဒသမ ၁၃၀ သန်းကို ပညာသင်စရိတ်အနေဖြင့် ခွင့်ပြုထုတ်ပေးနိုင်ခဲ့ကြောင်း။

 

လူမှုဖူလုံရေးအဖွဲ့ကို အာမခံအလုပ်သမားများ အားကိုးအားထားပြုထိုက်သော ဌာနတစ်ခုဖြစ်စေရန်နှင့် အာမခံအလုပ်သမားများအတွက် ယခုထက်ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်စေရန်နှင့် တစ်မျိုးသားလုံး အကျုံးဝင်သည့် စီမံကိန်း ဖြစ်စေရန်အတွက် အိမ်နီးချင်းနိုင်ငံများတွင် ကျင့်သုံးသည့် လူမှုဖူလုံရေးစနစ်များနှင့် နှိုင်းယှဉ်လေ့လာ သုံးသပ်မှုများပြုလုပ်ပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်