နေပြည်တော် ဩဂုတ် ၁၀
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ စုပေါင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လူမှုဖူလုံရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်နှင့် ညွှန်ကြားရေးမှူးများနှင့် အလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြပြီး အလုပ်အမှုဆောင် ကော်မတီ(ဥက္ကဋ္ဌ) လူမှုဖူလုံရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေး တင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လူမှုဖူလုံရေးစီမံကိန်းတွင် အကျုံးဝင် မြို့နယ်ပေါင်း (၁၁၉) မြို့နယ်ရှိပြီး အာမခံအလုပ်သမားပေါင်း (၁ ဒသမ ၂၂) သန်းကျော်ရှိပါကြောင်း၊ အကျုံးဝင်အာမခံ အလုပ်သမားများအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ရန်နှင့် ငွေကြေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးနိုင်ရန်အတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အလုပ်သမားဆေးရုံကြီး (၃) ရုံ၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်များတွင် ရုံးပေါင်း (၁၀၀) ရုံး၊ မြို့နယ်ဆေးခန်း (၉၆) ခန်း၊ တိုင်းရင်းဆေးခန်း (၁) ခန်းနှင့် ဌာနကြီးဆေးခန်း (၆၀) ခန်းတို့ကို ဖွင့်လှစ်ထားရှိကြောင်း၊
အာမခံအလုပ်သမားများအနေဖြင့် ပိုမိုထိရောက်ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင် မှုများကို လက်လှမ်းမီရရှိနိုင်စေရန် ရည်ရွယ်၍ Provider Purchaser Split (PPS) စနစ်အရ ပြင်ပပုဂ္ဂလိက ဆေးခန်းများနှင့်ပူးပေါင်းပြီး Fee for Service Payment ဖြင့် ဆေးခန်း (၁၄) ခန်းနှင့် Capitation Payment ဖြင့် ဆေးခန်း (၂၆) ခန်း၊ အမျိုးသမီးအာမခံ အလုပ်သမားများ၏ မီးဖွားခြင်းဆိုင်ရာဝန်ဆောင်မှုများအတွက် စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၀)ခန်းနှင့် ရွေ့လျားဆေးကုသယာဉ် Mobile Medical Unit-MMU (၂) စီးတို့ဖြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


