နေပြည်တော် ဖေဖော်ဝါရီ ၂၁
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့၊ နံနက် (၉) နာရီခွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ (ရုံးချုပ်)၊ စုဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်း အတွင်းဝန် ဦးညွန်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး က သင်တန်းတွင် လူမှုဖူလုံရေးအဖွဲ့ ဥပဒေ၊ နည်းဥပဒေ၊ တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို ထိရောက်စွာ အသုံးချလုပ်ကိုင် နိုင်စေရန် ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းသား/ သူများအနေဖြင့်ဌာန၏ အဓိက လုပ်ငန်းတာဝန်များ၊ ရည်မှန်းချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အလေးထား လေ့လာမှတ်သား လိုက်နာကြရန်၊ လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ဆောင်ရာ၌ သိရှိမှတ်သားလိုက်နာရမည့် ဘာသာရပ်ဆိုင်ရာ အသိပညာရပ်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာသင်ယူကြရန်နှင့် သင်ကြားခဲ့သည့် အသိပညာရပ်များကို လက်တွေ့နယ်ပယ်၌ နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ လူမှုဖူလုံရေးအဖွဲ့၌ တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်ကျောင်းဆင်း ဝန်ထမ်းသစ် အကြီးတန်း စာရေး (၉) ဦးနှင့် အငယ်တန်းစာရေး (၂၈) ဦး၊ စုစုပေါင်း သင်တန်းသား (၃၇) ဦး တက်ရောက်ကြပြီး ဖေဖော်ဝါရီ (၂၁) ရက်မှ (၂၅) ရက်အထိ (၅) ရက်ကြာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


