တောင်ကြီး ဇူလိုင် ၂၁
လူမှုဖူလုံရေး-ခိုင်မေတ္တာအထွေထွေရောဂါကုဆေးခန်း(တောင်ကြီး) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ ရေအေးရပ်ကွက်၊ ကမ္ဘောဇလမ်း၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေးတို့က လူမှုဖူလုံရေး-ခိုင်မေတ္တာအထွေထွေရောဂါ ကုဆေးခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဆေးခန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆိုပါ ဆေးခန်းအစည်းအဝေးခန်းမ၌ ကျင်းပသည့် စပ်စံထွန်းပြည်သူ့ဆေးရုံကြီး(တောင်ကြီး)နှင့် ရှမ်းပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တာဝန်ရှိသူများထံ အလှူငွေများ ပေးအပ်သည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် Social Insurance စနစ်အရ လူမှုဖူလုံရေး စီမံကိန်းကို တစ်မျိုးသားလုံး အကျုံးဝင်လာစေရန် မဟာဗျူဟာ ရည်မှန်းချက်တစ်ရပ်ချမှတ်ပြီး ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံ တော်က စုပေါင်းထည့်ဝင်ငွေများဖြင့် နိုင်ငံတော်၏ အဓိကကုန်ထုတ်စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုး ခံစားခွင့်များ ခံစားရရှိနိုင်စေရန်၊ လက်ရှိတွင် အာမခံစနစ်(၆)မျိုး အနက်(၂)မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့်(၁၅)မျိုးကို ဆောင်ရွက်ပေးလျက်ရှိသည်။ အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု များကို အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု ထောက်ပံ့ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် Capitation Payment စာချုပ် ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၁၄ ခန်း၊ မီးဖွားခြင်းနှင့် ဆိုင်သော ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ/သားဖွားခန်း ၁၁ ခန်း၊ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) (၂)စီးတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
ရှမ်းပြည်နယ်တွင် အကျုံးဝင်အာမခံအလုပ်ဌာန (၁၄၈၂) ဌာနနှင့် အကျုံးဝင်အာမခံ အလုပ်သမားဉီးရေ (၁၆,၀၇၉)ရှိပြီး အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် မီးဖွားခြင်းဆိုင်ရာ ဝန်ဆောင်မှုကို ထိရောက်လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရန် လူမှုဖူလုံရေး-ခိုင်မေတ္တာဆေးရုံကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုဖွင့်လှစ်ခဲ့သည့် ဆေးခန်းအပါအဝင် ပုဂ္ဂလိကနှင့် စာချုပ်ချုပ်ဆို ဆောင်ရွက် လျက်ရှိသည့် ဆေးခန်းစုစုပေါင်း(၄၀) ဖွင့်လှစ်ထားရှိပြီး အာမခံအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန် လက်လှမ်းမီသောနေရာများတွင် ဆေးခန်းများ ဆက်လက်တိုးချဲ့ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် အေးသာယာစက်မှုဇုန်ရှိ Myanmar CP စက်ရုံ၌ အကျုံးဝင်အာမခံအလုပ်သမားများအား လုပ်ငန်းခွင်မပျက် ကွင်းဆင်းဆေးဝါးကုသပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။
ထို့ပြင် အေးသာယာစက်မှုဇုန်ရှိ လူမှုဖူလုံရေးဆေးခန်း(အေးသာယာ)အား သွားရောက်ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့နယ်ရှိ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)