အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ရှမ်းပြည်နယ်ခရီးစဉ်တွင် အေးသာယာ စက်မှုဇုန်ရှိ စိန်ငွေမြ (CP) အစာစပ်စက်ရုံ၊ လူမှုဖူလုံရေးဆေးခန်းနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနရုံးတို့အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား တွေ့ဆုံ အမှာစကားပြောကြား
ရန်ကုန်၊ မတ် ၁၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နေ့လယ်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်ရှိ စိန်ငွေမြ (CP) အစာစပ်စက်ရုံ၊ လူမှုဖူလုံရေးဆေးခန်းနှင့် အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနရုံးတို့အား သွားရောက်ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြားခဲ့သည်။
ဦးစွာ စိန်ငွေမြ (CP) အစာစပ်စက်ရုံသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ရှိသူမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက်တစ်ရပ်ဖြစ်သော အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် တည်ငြိမ်အေးချမ်းသော လုပ်ငန်းခွင်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များကို မှန်မှန်နှင့်ပြည့်ပြည့်ဝဝ ရရှိခံစားစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ လုပ်ငန်းခွင်ထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါခံစားရရှိမှုများ လျော့နည်းကျဆင်းစေရေးနှင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာ အလုပ်သမားရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ရေးတို့တွင် ဆောင်ရွက်လျက်ရှိကြောင်း၊
အလုပ်ရှင်နှင့် အလုပ်သမားများပါဝင်သည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီများကို ဖွဲ့စည်း၍ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်း အလုပ်သမား (၅၀) ဦးနှင့်အထက် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီများ တိုးချဲ့ဖွဲ့စည်းနိုင်မှုမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၂၆) ဖွဲ့၊ (၈၁.၂၅%) ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း၊ ဖွဲ့စည်းထားရှိသည့် ကော်မတီများအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်း တာဝန်များကို အလေးထားဆောင်ရွက်ရန်နှင့် ပိုင်ရှင်၊ မန်နေဂျာများမှလည်း လိုအပ်သလို ပံ့ပိုးကူညီပေးရန် လိုအပ်ပါကြောင်း၊
စက်ရုံ၊ အလုပ်ရုံများတွင် ကုန်ထုတ်စွမ်းအား တိုးတက်စေရန် အလုပ်ရှင်နှင့် အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်ရန်လိုအပ်ကြောင်း၊ ထိုသို့ ကောင်းမွန်သည့် လုပ်ငန်းခွင် ဆက်ဆံရေးတစ်ခု ထူထောင်နိုင်ရန် အလုပ်ရှင်၊ အလုပ်သမားအကြား အပြန်အလှန် ယုံကြည်မှု၊ နားလည်မှုရှိကြရန် မရှိမဖြစ်လိုအပ်ပြီး တည်ဆဲအလုပ်သမားဥပဒေများကို လေးစားလိုက်နာ နိုင်ရန်လိုအပ်ကြောင်း၊ သို့မှသာ လုပ်ငန်းခွင်ဆိုင်ရာ ပါဝင်ပတ်သက်သူများအကြား ရေရှည် တည်တံ့ခိုင်မာပြီး တည်ငြိမ်ကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက် နိုင်မည်ဖြစ်ကြောင်းနှင့် အေးချမ်းသာယာသော လုပ်ငန်းခွင်များဖြစ်အောင် ဖန်တီးဆောင်ရွက် ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အေးသာယာစက်မှုဇုန်ရှိ လူမှုဖူလုံရေးဆေးခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအား အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်း အင်အားပြည့် လည်ပတ်ရန် လိုအပ်ချက်ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ဆေးခန်းရှိ တာဝန်ရှိသူများအနေဖြင့် စေတနာထား၍ အားထည့်ဆောင်ရွက်ပေးစေလိုကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံးပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်း လွန်/ လေလွင့်ဆေးများမဖြစ်စေရန် စီမံခြင်း၊ ဆေးခန်းလုံခြုံရေး အလေးထားဆောင်ရွက်ကြရန်၊ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံး ညီညွတ်စွာဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အေးသာယာစက်မှုဇုန်ရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရုံးသို့ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ဝန်ထမ်းများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်