နေပြည်တော်  ဖေဖော်ဝါရီ ၁၅

 

ဝန်ထမ်းများ ပျော်ရွှင်စွာဖြင့်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်များဖြင့် အလုပ်သမားဝန်ကြီးဌာန၏ ဒုတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ယာဉ်ရပ်နားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

 

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ယနေ့ကျင်းပသော မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသည် ၁၂ လရာသီ ပွဲတော်များ၌ စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရသည့် ထူးခြားသော ရိုးရာပွဲတစ်ခု ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှုဖြင့်ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ယှဉ်ပြိုင်သွားကြရန် ပြောကြားပြီး ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ပြိုင်ပွဲဝင် အသင်း(၇)သင်းတို့၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအစဉ်အလာအတိုင်း အားကြိုးမာန် တက်ယှဉ်ပြိုင်နေမှုနှင့် ဝန်ထမ်းများ အိုးစည်၊ ဒိုးပတ် များဖြင့် တီးမှုတ်ကခုန်၍ ပျော်ရွှင်စွာ အားပေးနေမှုတို့ကို ကြည့်ရှုအားပေးကာ ဆုရရှိသည့်အသင်းများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)