နေပြည်တော် ဖေဖော်ဝါရီ ၇
အလုပ်သမားဝန်ကြီးဌာန၏ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဝန်ထမ်းများ ပျော်ရွှင် စွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်းရေးဟူသော ရည်ရွယ်ချက်များဖြင့် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ယာဉ်ရပ်နားကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေနှင့်ဇနီး အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းနှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့ကျင်းပသည့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသည် ၁၂ လရာသီ ပွဲတော် များ၌ စုပေါင်းအင်အားဖြင့် စည်းလုံးညီညွတ်စွာဆောင်ရွက်ရသည့် ထူးခြားသော ရိုးရာပွဲတစ်ခုဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှု၊ သတ်မှတ်ချိန်အတွင်း ဆောင်ရွက်နိုင်မှုတို့က အနိုင်ရရှိရေးကို အဆုံးအဖြတ်ပေးသွား မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် စည်းစည်းလုံးလုံး တက်တက်ကြွကြွ ယှဉ်ပြိုင်သွားကြရန် မှာကြားသည်။
ထမနဲထိုးပြိုင်ပွဲတွင် ဝန်ကြီးဌာနရှိ ဝန်ကြီးရုံး၊ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ပြိုင်ပွဲဝင်အသင်း(၇)သင်းတို့မှ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာအတိုင်း အမှတ်ပေးသတ်မှတ်ချက်များနှင့်အညီ အားကြိုးမာန်တက် ယှဉ်ပြိုင်ခဲ့ကြပြီး ဝန်ထမ်းများကလည်း အိုးစည်၊ ဒိုးပတ်များဖြင့် တီးမှုတ်ကခုန်၍ ပျော်ရွှင်စွာ အားပေး ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများ၏ မြန်မာ့ရိုးရာ ထမနဲ ထိုးပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင်ဆုရရှိသည့် အသင်းများကို ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)