မန္တလေး ၂၉ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ILO - VZF တို့ပူးပေါင်း၍ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းဖြေလျော့မှု စမ်းသပ်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ ၇၈ လမ်းနှင့် ၃၄ လမ်းထောင့်၊ Yadanabon Supercenter (၄) လွှာရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) အစည်း အဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အလုပ်သမားရေးရာဝန်ကြီး ဉီးမျိုးသစ်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့မှ Ms. Mariana Infante Villarroel နှင့် ကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမားအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီး ဦးမျိုးသစ်က မန္တလေးတိုင်းဒေသကြီးတွင် အလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများနေထိုင်သွားလာမှု အဆင်ပြေစေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပြည့်စုံ ကောင်းမွန်စေရေး၊ လုပ်ငန်းခွင်တည်ငြိမ်ရေး၊ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံမှု ကောင်းမွန်စေရေး၊ အငြင်းပွားမှုများပေါ်ပေါက်လာလျှင် အလုပ်သမားဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးရေးတို့ကို မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဌာန၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။
အလုပ်သမားများ၏ အကျိုးခံစားခွင့်များကို ထိရောက်မြန်ဆန်စွာပေးနိုင် ပါကလူမှုဖူလုံရေး စီမံကိန်းကို အလုပ်ရှင်၊ အလုပ်သမားများ ပိုမိုယုံကြည်အားကိုးလာမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး နောက် ILO မှSenior Technical Officer, ILO-VZF –Ms. Mariana Infante Villarroel အမှာစကားပြောကြားသည်။
ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့် အလုပ်တွင် ထိခိုက်ဒဏ်ရာ ရမှုတို့ကြောင့် လုပ်ခဝင်ငွေလျော့နည်းခြင်း၊ ရပ်စဲခြင်းများဖြစ်ပေါ်သည့်အခါ အလုပ်သမားနှင့် ၎င်းအပေါ် မှီခိုနေသော မိသားစုဝင်တို့အား ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းဖြင့် စီးပွားရေး၊ လူမှုရေးဒုက္ခများ ခံစားရခြင်းမှ ကာကွယ်ပေးရန်ဖြစ်ပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ်လုပ်ငန်းစဉ် ဖြေလျှော့မှု စမ်းသပ်စီမံကိန်းကို နိုင်ငံတကာမှ ကျွမ်းကျင်သူပညာရှင်များနှင့် ပူးပေါင်းပြီး လေ့လာဆန်း စစ်မှုများပြုလုပ်၍ စမ်းသပ်စီမံကိန်းကို ၂၀၁၉ ခုနှစ်၊ ဇွန် ၁ ရက်မှ ဒီဇင်ဘာအထိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တို့မှာ စမ်းသပ်ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း၊ စမ်းသပ်စီမံကိန်းအောင်မြင်စေရန် အလုပ်ရှင်၊ အလုပ်သမားများ အပြင်သက်ဆိုင်ရာမြို့နယ်ရှိ ဝန်ထမ်းများအနေနှင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားသည်။
ယင်းနောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားတွင် Senior Technical Officer - Ms. Mariana Infante Villarroel က EII Pilot Project ဒီဇိုင်းရေးဆွဲခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက EII Pilot Project ဖြေလျော့မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များအား မေးမြန်းရာ လူမှုဖူလုံရေးအဖွဲ့ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်