နေပြည်တော်၊ စက်တင်ဘာ  ၉

အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁၀၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ဒုတိယစာရင်း စစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများ တက်ရောက်ကြပြီး ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ရုံးမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့် တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက သင်တန်းတွင် စာရင်းပညာ နားလည်တတ်ကျွမ်းပြီး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စာရင်းမှတ်တမ်းများကို အမှားအယွင်းမရှိ တိကျမှန်ကန်စွာ ရေးဆွဲဆောင်ရွက်နိုင်စေရန်နှင့် ရုံးလုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်တို့အတွက် လုပ်ငန်းခွင်တွင် အမှန်တကယ် အထောက်အကူပြုနိုင်မည့် ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ယူမှုများကို လက်တွေ့ပြန်လည် အသုံးချနိုင်ရန်အတွက် အလေးထား လေ့လာမှတ်သားကြရန်နှင့် သင်တန်းစည်းကမ်းများကို လေးစားလိုက်နာပြီး နိုင်ငံနှင့်ဌာနမှ အားထားရသည့် ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော ဝန်ထမ်းကောင်းများဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော် သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို  ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၉ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ တစ်ပြိုင်တည်း ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အလယ်အလတ်အဆင့် သင်တန်းတွင် သင်တန်းသား ၃၁၄ ဉီး၊ အဆင့်မြင့်သင်တန်းတွင် သင်တန်းသား ၁၅၄ ဉီး စုစုပေါင်း ၄၆၈ ဉီးတို့ တက်ရောက်ကြောင်း သိရသည်။

သတင်းစဉ်