နေပြည်တော် ဖေဖော်ဝါရီ ၁၆
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အလယ်အလတ်အဆင့်အရာထမ်းသင်တန်း အမှတ်စဉ်(၁၀) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်၈နာရီတွင် အဆိုပါတက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ပါမောက္ခချုပ် ဦးကျော်စိုး၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသူများ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်း များကို နားလည်သဘောပေါက်ပြီး ပြည်သူကို ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရန်၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၏ သဘောတရားများကို သိရှိနားလည်စေရန်၊ ဝန်ထမ်းတစ်ဦး သိရှိနားလည်ထား သင့်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ဗဟုသုတများကို သိရှိနားလည်နိုင်စေရန်၊ ဝန်ထမ်းကျင့်ဝတ်၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို ပိုမိုကျေညက်စေရန်၊ ဝန်ထမ်းများကို အုပ်ချုပ်စီမံခန့်ခွဲရာတွင် ဦးဆောင်နိုင်မှုစွမ်းရည်မြင့်မားလာစေရန်နှင့် ပေးအပ်သည့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာထမ်းဆောင်နိုင်သည့် အရည်အသွေးများရရှိစေရန် ယခုသင်တန်းကို ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကရရှိခဲ့သည့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတ၊ အတွေ့အကြုံများကို လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ်(၁၀)၏ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ပြီး နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်က ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာဘွဲ့ လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းကို အွန်လိုင်းဖြင့် ရက်သတ္တပတ်(၁၆)ပတ်၊ In-House ဖြင့် ရက်သတ္တပတ် (၈)ပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၄၃)ဦး၊ သင်တန်းသူဦးရေ(၅၀) တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်