နေပြည်တော် ၂၇ စက်တင်ဘာ

           

အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် ၁/၂၀၁၉ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

           

အခမ်းအနားတွင် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က နိုင်ငံတော်မှ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ကဏ္ဍတိုးတက်ရေး အလေးထား ဆောင်ရွက်နေသည်ကို သိရှိကြပြီး ဖြစ်ကြောင်း၊ ဥပဒေအရာရှိများသည် တရားဥပဒေစိုးမိုးရေး၊ တရားမျှတရေးဆိုင်ရာ ကဏ္ဍတွင် အဓိက ပါဝင်ဆောင်ရွက်နေသူများ ဖြစ်သောကြောင့် လုပ်ငန်းတာဝန်များ ထမ်းဆောင်သည့်နေရာ၌ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် မျှမျှတတဆောင်ရွက်ကြရန် အလေးအနက်ထား မှာကြားလိုပါကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် မိမိတို့၏ရာထူးနှင့် လျော်ညီစွာ ပြုမူနေထိုင်ကြရမည့်အပြင် စိတ်ဓာတ်နှင့် ခံယူချက်ပိုင်းတွင်လည်း မှန်ကန်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သောကြောင့် နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြရမည်ကို အမြဲတမ်းနှလုံးသွင်းထားကြရန် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကို ရှောင်ကြဉ်ပြီး ဥပဒေနှင့်အညီ မှန်ကန်စွာ ဆောင်ရွက်ကြရန် အထူးမှာကြားလိုပါကြောင်း၊ သင်တန်းမှရရှိသော အတွေ့အကြုံများကို အခြေခံ၍ လုပ်ငန်းခွင်တွင် အရည်အသွေး ပြည့်ဝစွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့တစ်ဦးချင်းစီ၏ အရည်အချင်းကို မြင့်မားအောင် ကြိုးစားရင်းမိမိဌာန၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို မြှင့်တင်ကြရမည် ဖြစ်ပါကြောင်း၊ အများပြည်သူက ယုံကြည်လေးစားသော ဥပဒေအရာရှိများ ဖြစ်အောင် လေ့လာလေ့ကျင့်ပြီး ကြိုးပမ်းဆောင်ရွက်ကြရန် ဖြစ်ကြောင်း မှာကြားသည်။

 

ယင်းနောက် သင်တန်းတွင် ထူးချွန်ဆုများရရှိသည့် သင်တန်းသား/သင်တန်းသူများကို ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသို့ သင်တန်းသား၊ သတင်တန်းသူ ၃၃ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်