နေပြည်တော် ၄ စက်တင်ဘာ 

ပြည်ထောင်စုရှေ့နေချုပ်ရုံး အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်း အမှတ်စဉ် ၁/၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းနားတွင် ပြည်ထောင်စုရှေ့နေချုပ် ဉီးထွန်းထွန်းဉီးက ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ၊ နည်းဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ ဥပဒေကြမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် စီးပွားရေးစာချုပ်စာတမ်းများ၊ တရားစွဲနှင့်အမှုလိုက် လုပ်ငန်းများ၊ စီမံရေးရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေအကြံပြုရာတွင် လည်းကောင်း၊ အမှုလိုက်ပါ ဆောင်ရွက်ရာတွင် လည်းကောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ “တရားဥပဒေစိုးမိုးရေးဆီသို့” ဟူသည့် မဟာဗျူဟာ စီမံကိန်းနှင့် တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ “ပြည်သူ့အတွက် တရားမျှတမှု” ဟူသည့် မဟာဗျူဟာစီမံကိန်းပါ လုပ်ငန်းများကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေအရာရှိများသည် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် တရားမျှတမှုကို အားလုံးလက်လှမ်းမီရေး၊ ဥပဒေအသိပညာပြန့်ပွားရေး၊ ဥပဒေအထောက်အကူ ပေးရေးတို့ကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ Cyber Crime, Intellectual Property နှင့် Money Laundering စသည့် ဥပဒေနယ်ပယ်သစ်များကို လေ့လာရန် လိုအပ်ပါကြောင်း၊ မှုခင်းစစ်ဆေးဆောင်ရွက်ရာတွင် မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများကို သိရှိနားလည်ရန်နှင့် လက်တွေ့ကျင့်သုံး ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ဆရာဗဟိုပြုသင်ကြား နည်းစနစ်အစား သင်တန်းသားဗဟိုပြု သင်ကြားနည်းစနစ်ဖြင့် ပို့ချဆောင်ရွက်မည်ဖြစ်ရာ သင်တန်းသားများအတွက် ပိုမိုအကျိုးရှိစေမည်ဖြစ်သဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃၄ ဦး တက်ရောက်ကြပြီး  သင်တန်းကာလမှာ ရက်သတ္တ ၃ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်