အမာ ဇူလိုင် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါ အသိပညာပေး နှိုးဆော်ချက်များ လိုက်လံကြေညာလျက်ရှိသည်။

အမာမြို့  အုပ်ချုပ်ရေးမှူး၊ နယ်မြေခံတပ်ရင်း၊ နယ်မြေရဲစခန်းမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယနေ့နံနက်ပိုင်းတွင်  မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံနေရာများ၊ မြို့အဝင် စစ်ဆေးရေး ဂိတ်တို့တွင်  ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့် အသိပညာပေးနှိုးဆော်ချက်များ လိုက်လံကြေညာပေးလျက်ရှိသည်။ အဆိုပါ ကြေညာချက်များမှာ “မိဘပြည်သူများ  လက်ရှိအခြေအနေမှာ အရေးအကြီးဆုံးက အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံပါရန်နှင့် ထို့အတူ မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ကြရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်၂၀ ကြာအောင်ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြပါရန်၊ မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြရန်၊ အပြင်မှပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်ရသေးမီ အိမ်သားများနှင့် မထိတွေ့ကြရန်၊  အကယ်၍ မိမိတို့၌ ရောဂါကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်ကပ်ရောဂါ အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်” စသည့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ချက်များကို လိုက်လံ ကြေညာခဲ့ကြောင်း သိရသည်။

အမာ (ပြန်ဆက်)