အမာ သြဂုတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပုညပါရမီလူမှုကူညီကယ်ဆယ်ရေးအသင်း(ရန်ကုန်)မှ အောက်စီဂျင်အိုးကြီးများ ယူလာပြီး အမာမြို့ တန်ဖိုးရှိသောတွဲလက်များအဖွဲ့ပိုင် အောက်စီဂျင်အိုး အလွတ်များထဲသို့ အောက်စီဂျင်အရည်များ ဖြည့်ပေးခြင်းကို ဩဂုတ် ၁၃ ရက် မွန်းလွဲပိုင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမာမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ထပ်မံတွေ့ရှိမှု များပြားလာခဲ့ပြီး အောက်စီဂျင် လိုအပ်မှုများဖြစ်ပေါ်နေခဲ့ရာ လူနာများ အဆင်ပြေစေရေးအတွက် တန်ဖိုးရှိသောတွဲလက်များအဖွဲ့က အကူအညီများရရှိနိုင်ရန် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ပုညပါရမီလူမှုကူညီရေးအသင်း(ရန်ကုန်)မှ အောက်စီဂျင်အထိုင်အိုးများ ယူဆောင်လာခဲ့ပြီး အောက်စီဂျင် ၄၀ လီတာအိုး ၁၀ လုံးတွင် အောက်စီဂျင်အရည်များ ဖြည့်ပေးခြင်းနှင့် Dead Body အိတ် ၁၀ ခုပါ တစ်ဖာ၊ PPE Level 3 ၂၈ စုံ တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အမာမြို့၌ ကိုဗစ်-၁၉ရောဂါပိုး ရှိသည်ဟု သံသယရှိသူများကို လိုက်လံခေါ်ဆောင်ပေးခြင်း၊ လိုအပ်သူများအတွက် စားဝတ်နေရေး ကူညီဆောင်ရွက်ပေးခြင်းနှင့် အောက်စီဂျင်ပြတ်လတ်မှု မရှိစေရန် ဆက်လက်ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမာမြို့ တန်ဖိုးရှိသောတွဲလက်များအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
အမာ(ပြန်/ဆက်)


