အမာ ၆ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ် ဘဝသစ်ကျေးရွာအုပ်စု ဂေါ်ဒူကျေးရွာနှင့် လေးပင်ချောင် ကျေးရွာတို့တွင် သြဂုတ် ၅ ရက် မွန်းလွဲ ၁၂ နာရီက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၅)လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ကမ်းစပ်တွင် ရေလုပ်ငန်း လုပ်ကိုင်နေထိုင်သည့် ဂေါ်ဒူကျေးရွာ၌ ဓနိမိုး ဓနိကာ ဝါးခင်းနေအိမ်(၆)လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ်(၈)လုံး အမိုးလန်ပျက်စီးခဲ့ကာ လေးပင်ချောင်ကျေးရွာ တွင် ဓနိမိုးဓနိကာ ပျဉ်ခင်းနေအိမ်တစ်လုံး ပြိုကျပျက်စီးခဲ့သည်။
လေဘေးသင့် အိမ်ထောင်စုများအား ဂေါ်ဒူကျေးရွာဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးအိမ်များတွင် ပြောင်းရွှေ့ နေရာချထားပေးလျက်ရှိပြီး တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့် တရိစ္ဆာန်များ သေဆုံးမှုမရှိကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)


